ရီးရဲလ်မက်ဒရစ်နဲ့ ၂၀၃၂ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးမြှင့်လိုက်တဲ့ ဗင်နီစီးယက်စ်
လနဲ့ချီအခြေအတင်ညှိနှိုင်းခဲ့ပြီးချိန်မှာတော့ ရီးရဲလ်မက်ဒရစ်အသင်းက အသင်းစူပါကြယ်ပွင့်ဗင်နီစီးယက်စ်ကို ရေရှည်ဆက်ထိန်းထားနိုင်ဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။ ဗင်နီးစီးယက်စ်ကိုယ်တိုင်လည်း ဘာနေဗျူးမှာ နောက်ထပ်ခြောက်နှစ်ကြာ ဆက်ရှိနေမယ့် စာချုပ်သစ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
"ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဗင်နီစီးယက်စ်တို့အကြား စာချုပ်သက်တမ်းတိုးမြှင့်ဖို့ သဘောတူညီခဲ့ပြီး အခုဆိုရင် သူက ၂၀၃၂ ခုနှစ်၊ ဇွန် ၃၀ ရက်အထိ အသင်းနဲ့အတူ ဆက်ရှိသွားပါလိမ့်မယ်" လို့ မက်ဒရစ်အခြေစိုက်ကလပ်အသင်းရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရီးရဲလ်မက်ဒရစ်နဲ့ ဗင်နီစီးယက်စ်တို့အကြား စာချုပ်သစ်အတွက် ဆွေးနွေးလာတာ တစ်နှစ်ကျော်ကြာမြင့်နေပြီဖြစ်ပေမဲ့ ထိရောက်တဲ့ တိုးတက်မှုမျိုး မပြသနိုင်ခဲ့ပါတယ်။ လစာနဲ့ စာချုပ်သစ်အတွက် အပိုဆုကြေးတောင်းဆိုမှုအပိုင်းတွေမှာ နှစ်ဖက်အကြား အဆင်မပြေ ဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ ဗုဒ္ဓဟူးနေ့အစည်းအဝေးမှာတော့ အရာအားလုံး ချောချောမွေ့မွေ့ အဆုံးသတ်နိုင်ခဲ့ပါတယ်။
လက်ရှိစာချုပ်သက်တမ်းနောက်ဆုံးဆီ ရောက်ရှိနေတဲ့ ဘရာဇီးသားကို ခေါ်ယူဖို့ အာဆင်နယ်ကလည်း အကြီးအကျယ်စိတ်ဝင်စားခဲ့ပါတယ်။ အာဆင်နယ်ရဲ့စိတ်ဝင်စားမှု ရှိလာချိန်မှာတော့ ရီးရဲလ်မက်ဒရစ်က ဗင်နီစီးယက်စ်ကို အရင်ထက်ပိုကောင်းတဲ့ စာချုပ်မျိုးနဲ့ ကမ်းလှမ်းလာခဲ့ပါတယ်။ ကစားသမားရဲ့တောင်းဆိုမှုအပေါ် အပြည့်အ၀မလိုက်လျောနိုင်ပေမဲ့ အရင်ချုပ်ဆိုခဲ့တဲ့ စာချုပ်ပါအချက်အလက်တွေထက် ပိုမိုတဲ့ အခွင့်အရေးမျိုးကို ပေးအပ်ဖို့ အသင်းဘက်က ဆုံးဖြတ်ခဲ့ပါတယ်။
ယမန်နေ့ဆွေးနွေးမှုတွေမှာ နှစ်ဖက်အကြား အပြုသဘောဆောင်ခဲ့ပြီးနောက် အသေးစိတ်အချက်အလက်တွေ ဆက်လက်ညှိနှိုင်းခဲ့ပြီး ၂၀၃၂ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးမြှင့်လိုက်ပြီလို့ တရားဝင်ကြေညာနိုင်ခဲ့ပါတယ်။
စာချုပ်သစ်ချုပ်ဆိုပြီးနောက် ဗင်နီစီးယက်စ်က Instagram မှတစ်ဆင့် "ဘာနေဗျူးမှာ ဖြတ်သန်းခဲ့တဲ့ ၈ နှစ်ဆိုတာ တိုတောင်းလွန်းပါသေးတယ်... နောက်ထပ် ၆ နှစ်မှ ထာဝရအထိ ဆက်သွားမယ်!" လို့ ရေးသားပြီး အောင်ပွဲခံခဲ့ပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာတော့ သူက Instagram စာမျက်နှာရှိ ပုံတွေကို အကုန်ဖျက်ချလိုက်ဖို့ ဆုံးဖြတ်ခဲ့ပြီး တင်းမာမှုတွေ ရှိခဲ့ပုံ ရပါတယ်။
အသက် ၂၆ နှစ်အရွယ်တောင်ပံကစားသမားလေးက ရီးရဲလ်မက်ဒရစ်ကို သူ့ဘဝရဲ့ အရေးအကြီးဆုံးကလပ်အသင်းအဖြစ် အမြဲတမ်းသတ်မှတ်ထားသလို အသင်းမှာပဲ ဆက်နေဖို့အတွက်လည်း အမြဲတမ်းဦးစားပေးခဲ့ပါတယ်။
အခုတော့ စာချုပ်ကိစ္စအားလုံး ပြေလည်သွားလို့ ခက်ခဲတဲ့ရာသီနှစ်ခု ဖြတ်သန်းခဲ့ရတဲ့ ဗင်နီစီးယက်စ်နဲ့ ရီးရဲလ်မက်ဒရစ်တို့က လာမယ့်ဘောလုံးရာသီသစ်မှာ အောင်မြင်မှုတွေ ရှာဖွေသွားဖို့ မျှော်လင့်နေကြပါလိမ့်မယ်။