အခုနွေရာသီအပြောင်းအရွှေ့မှာ ကစားသမားသစ်တွေ အများကြီးထပ်ဖြည့်စရာမလိုဘူးလို့ မာရက်စ်ကာ ပြောဆို
မန်စီးတီးနည်းပြမာရက်စ်ကာက လက်ကျန်နွေရာသီအပြောင်းအရွှေ့ကာလအတွက် သူ့ရဲ့ အစီအစဉ်တွေကို ပြောပြလာပါတယ်။
ပက်ဂွာဒီယိုလာရဲ့နေရာမှာ အစားဝင်လာတဲ့ မာရက်စ်ကာက မန်ချက်စတာကို ပြန်ရောက်လာပြီးနောက် အသင်းရဲ့အပြောင်းအရွှေ့စံချိန်ကို ချိုးဖျက်ထားပြထားပါတယ်။ မန်စီးတီးက အန်ဒါဆန်အတွက် နော်တင်ဟမ်ဖောရက်စ်ဆီ ပေါင် ၁၁၅ သန်းအထိ ပေးချေခဲ့ရသလို၊ လူငယ်ကစားသမားလေးတွေ ဖြစ်တဲ့ ဂျရမီမွန်ဂါနဲ့ မားသီးစ် ဒီတိုဘတ် တို့အတွက်လည်း ပေါင် ၃၄ သန်း အသုံးပြုထားပါတယ်။
လက်ရှိမှာ မန်စီးတီးက လိုင်အသင်းကွင်းလယ်လူအာယွတ်ဘိုအာဒီနဲ့ မာဆေးလ်ဂိုးသမား ဂျရိုနီမိုရူလီတို့ကိုခေါ်ယူဖို့ သတင်းတွေ ထွက်နေပါတယ်။ ဒါပေမဲ့ ရာသီကြိုခြေစမ်းပွဲတွေ ကစားဖို့ တောင်ကိုရီးယားဆီ ရောက်ရှိလာချိန် မာရက်စ်ကာက အပြောင်းအရွှေ့တွေ အများကြီးထပ်လုပ်ဖို့ မရှိတော့လို့ ပရိသတ်တွေ အများကြီးမျှော်လင့်နေဖို့ မသင့်ဘူးလို့ သတိပေးလိုက်ပါတယ်။
"ကျွန်တော်တို့ တစ်ရက်ချင်းစီအလိုက် အခြေအနေကို ကြည့်ပြီး တစ်ခုခုလုပ်ဖို့ လို၊ မလို ဆွေးနွေးနေပါတယ်။ လုပ်စရာရှိတာလေးတွေလည်း သေချာပေါက် ရှိနေပါတယ်" လို့ သူက ဆိုပါတယ်။
"လောလောဆယ်မှာတော့ ခေါ်ယူဖို့အတွက် နီးစပ်နေတာမျိုး မရှိသေးပါဘူး။ အခုမှ သြဂုတ်လပဲ ရှိသေးတာဆိုတော့ ဈေးကွက်ပိတ်မယ့် စက်တင်ဘာလရောက်ရင် အခြေအနေ တစ်မျိုး ပြောင်းသွားနိုင်ပါတယ်။ ကံကောင်းတဲ့အချက်ကတော့ ကျွန်တော်တို့ရဲ့လူစာရင်းပိုင်းမှာ အများကြီးထပ်ဖြည့်စရာမလိုတာပါပဲ" လို့ မာရက်စ်ကာက ရှင်းပြပါတယ်။
မန်စီးတီးအသင်းက ဒီနေ့၊ ဆိုးလ်မြို့မှာ K League All Stars အသင်းနဲ့ ယှဉ်ပြိုင်ကစားပြီးနောက် သြဂုတ် ၉ ရက်မှာတော့ အက်သလက်တီကိုမက်ဒရစ်နဲ့ ဆက်လက်ယှဉ်ပြိုင် ကစားသွားပါမယ်။