ယူနိုက်တက်မှ ထွက်ခွာခွင့်ရရှိရေး ဂျေဂျေဂါဘရီရယ်လ်ရဲ့တောင်းဆိုချက်ကြောင့် ထိတ်လန့်တုန်လှုပ်သွားတဲ့ စတီဗင်ဂျရတ်
လီဗာပူးအသင်းခေါင်းဆောင်ဟောင်းစတီဗင်ဂျရတ်က မန်ချက်စတာယူနိုက်တက်မှ ထွက်ခွာခွင့်ရရှိဖို့ ဂျေဂျေဂါဘရီရယ်လ်ကိုယ်တိုင် တောင်းဆိုခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာချိန် ကစားသမားလေးလျှောက်လှမ်းနေတဲ့ လမ်းကြောင်းအတွက် စိုးရိမ်မိတယ်လို့ ပြောကြားခဲ့ပါတယ်။
အိုးလ်ထရက်ဖို့ဒ်မှာ ရှုပ်ထွေးတဲ့ရက်ပိုင်းတွေကို ဖြတ်သန်းခဲ့ပြီးနောက် အသက် ၁၆ နှစ်အရွယ်လူငယ်ကြယ်ပွင့်က ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ်တို့လို ဥရောပထိပ်သီးကလပ်အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုတွေအကြား သူ့ရဲ့ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပါတယ်။
ဂါဘရီရယ်လ်က လာမယ့်လအတွင်း သူရဲနီတွေနဲ့ ပညာသင်ဆုစာချုပ်ကို ချုပ်ဆိုခွင့် ရှိနေပါတယ်။
ဒါပေမဲ့ အိုင်းရစ်လူမျိုးဖခင်ကြောင့် အီးယူနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားတဲ့ ဆယ်ကျော်သက်အရွယ်လူငယ်လေးက ဥရောပတိုက်ဆီ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။
အခုဂယက်ကြောင့် ပရီးမီးယားလိဂ်တစ်ခုလုံး လှုပ်ခတ်သွားခဲ့ပြီး ကစားသမားရဲ့မိသားစု လွှမ်းမိုးနိုင်စွမ်းနဲ့ ဒီလောက်ငယ်ရွယ်တဲ့ကြယ်ပွင့်လေးတစ်ဦးက ယူနိုက်တက်အတွက် ကြီးမားတဲ့ ပြဿနာတစ်ခု ဘယ်လိုဖန်တီးနိုင်သလဲဆိုတာတွေအပေါ် စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။
ဂျရတ်က ဒီကိစ္စနဲ့ပတ်သက်လို့ သူ့ရဲ့အမြင်ကို ထုတ်ဖော်ပြောကြားလိုက်ပြီး ဒါ ကစားသမားလေးရဲ့အနာဂတ်အတွက် ပုံရိပ်ကောင်းတစ်ခု မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။
"ယူနိုက်တက်ရဲ့နာမည်ကျော် 'Class of 92' မှစလို့ ဒီနေ့အထိ ကြည့်လိုက်ရင် ယူနိုက်တက်က ကစားသမားတွေကို ပြုစုပျိုးထောင်ပေးသလို စောင့်ရှောက်ပေးခဲ့ပါတယ်" လို့ ဂျရတ်က TNT Sports ဆီ ပြောကြားခဲ့ပါတယ်။
"သူ့ရဲ့အကြံပေးတွေနဲ့ ကန့်လန်ကာနောက်ကွယ်မှာ ဘာတွေဖြစ်နေလဲဆိုတာ မသိပေမဲ့ ကျွန်တော်နားမလည်နိုင်တဲ့အချက်က သူ့ကို အသင်းဘက်မှ ရှင်းရှင်းလင်းလင်းအလိုရှိနေပြီး ရှေ့ဆက်တွန်းတင်ပေးချင်နေတာတောင် ဘာကြောင့် ထွက်ခွာခွင့်အတွက် တောင်းဆိုရတာလဲဆိုတာပါပဲ"
"မိုက်ကယ်ကာရစ်ကိုယ်တိုင်လည်း အကယ်ဒမီထွက်ကစားသမားတစ်ဦးဖြစ်နေလို့ ဂါဘရီရယ်လ်ကို ပွဲကစားခွင့် ပေးချင်ပါလိမ့်မယ်။ ဒါပေမဲ့ ဒါက ဒီအခြေအနေတစ်ခုတည်းအတွက် မဟုတ်ဘဲ ဘောလုံးလောကတစ်ခုလုံးနဲ့ သက်ဆိုင်နေပြန်ပါတယ်။ တခြားနိုင်ငံတွေမှာလည်း အခုလိုမျိုးပဲ ဖြစ်နေမယ်ဆိုတာ သေချာပါတယ်"
"ဒီလိုပါရမီရှင်လေးတွေဆီမှာ မိဘတွေရှိတယ်၊ အေးဂျင့်တွေရှိတယ်၊ ပြင်ပလွှမ်းမိုးမှုတွေကြောင့် စောစောစီးစီး အတင်းအကျပ် အလျင်စလို လုပ်ခိုင်းမှုတွေနဲ့အတူ ကလေးတစ်ဦးရဲ့ကစားသမားဘ၀ကို ထိခိုက်စေနိုင်ပါတယ်။ ကလေးတွေကို အခုလိုမျိုး အလျင်စလို တွန်းပို့နေကြပြီး ကစားသမားဘဝတွေကို အတင်းအကျပ် ဖိအားပေးလုပ်ဆောင်နေကြလို့ ကျွန်တော် အလွန်စိုးရိမ်ထိတ်လန့်မိပါတယ်" လို့ ဆိုပါတယ်။