The network connection is lost.

Banner Image

ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ဖျက်သိမ်းလိုက်တဲ့ ဖီဖာရဲ့ဆုံးဖြတ်ချက်ကို ရီးရဲလ်မက်ဒရစ် ထောက်ခံကြိုဆို

စပိန်ထိပ်သီးကလပ်ရီးရဲလ်မက်ဒရစ်အသင်းက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုတွေ ခွင့်ပြုမယ့် အငြင်းပွားဖွယ်ရာ စီမံကိန်းကို ပြန်လည်ဖျက်သိမ်းလိုက်တဲ့ ဖီဖာရဲ့ဆုံးဖြတ်ချက်အပေါ် တနင်္ဂနွေနေ့မှာ ထောက်ခံကြိုဆိုလိုက်ပါတယ်။

ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)အပါအဝင် ဘောလုံးအဖွဲ့ချုပ်တွေဆီမှ အပြင်းအထန်ကန့်ကွက်မှုတွေ ထွက်ပေါ်လာပြီးနောက် ဖီဖာဥက္ကဋ္ဌအင်ဖန်တီနိုက သူ့ရဲ့အဆိုပြုချက်ကို သောကြာနေ့မှာ အရှက်တကွဲပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။

"ဒီဆုံးဖြတ်ချက်က ဘောလုံးလောကအတွက်ရော၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ အဓိကအားဖြင့် ကျွန်တော်တို့ ချစ်မြတ်နိုးရတဲ့ အားကစားကို အားပေးနေကြတဲ့ သန်းပေါင်းများစွာသော ပရိသတ်တွေအတွက်ပါ သတင်းကောင်းဖြစ်တယ်လို့ ယုံကြည်ပါတယ်" လို့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

"ဒီစီမံကိန်းကို တာဝန်သိစိတ်နဲ့ ခိုင်ခိုင်မာမာ ကန့်ကွက်ခဲ့ကြတဲ့ ယူအီးအက်ဖ်အေ၊ တခြားသော အဖွဲ့ချုပ်တွေနဲ့ အဖွဲ့အစည်းအားလုံးကို ရီးရဲလ်မက်ဒရစ်အသင်း ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ သူတို့ရဲ့စည်းလုံးမှုနဲ့ တာဝန်သိမှုတွေက အဆုံးအဖြတ်အချိန်ကာလမှာ ဘောလုံးလောကကို ကာကွယ်ပေးနိုင်ခဲ့ပါတယ်" လို့လည်း ဆိုပါတယ်။

အရင်ပျက်ပြားသွားခဲ့တဲ့ ဥရောပစူပါလိဂ်စီမံကိန်းကို စတင်တည်ထောင်ခဲ့သူအနက် ပါဝင်တဲ့ ရီးရဲလ်မက်ဒရစ်က ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလမှာတော့ ဥရောပကလပ်အသင်းဘောလုံးလောကကောင်းကျိုးအတွက် ယူအီးအက်ဖ်အေနဲ့ သဘောတူညီမှု ရယူခဲ့ပြီး နှစ်ဖက်အကြား တင်းမာနေတဲ့ ဆက်ဆံရေးကို အဆုံးသတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့အင်္ဂါနေ့မှာတော့ ဖီဖာက ကမ္ဘာ့ဖလားနဲ့ ကလပ်ကမ္ဘာ့ဖလားလို အကြီးကျယ်ဆုံး ပြိုင်ပွဲတွေကို စီမံခန့်ခွဲဖို့ စီးပွားရေးဆိုင်ရာကုမ္ပဏီခွဲတစ်ခု တည်ထောင်မယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီကုမ္ပဏီမှာ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုတွေ ခွင့်ပြုခြင်းအားဖြင့် အမေရိကန်ဒေါ်လာ ၄ ဒဿမ ၂ ဘီလျံအထိ ရန်ပုံငွေ ရရှိနိုင်မယ်လို့ အင်ဖန်တီနိုက ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ ယူအီးအက်ဖ်အေက ဦးဆောင်ပြီး ဖီဖာရဲ့စီမံကိန်းကို သပိတ်မှောက်မယ်လို့ ကြေညာခဲ့သလို၊ အင်ဖန်တီနိုအပေါ်မှာလည်း အယုံအကြည်မရှိတော့ဘူးလို့ ကြေညာခဲ့ပါတယ်။ ဒါကြောင့်လည်း မကြာသေးခင်ရက်ပိုင်းအတွင်း ဖီဖာဥက္ကဋ္ဌအပေါ် ဖိအားတွေ အကြီးအကျယ်ကျရောက်လာခဲ့ပါတယ်။