The network connection is lost.

Banner Image

အလွန်ဆိုမှ အာဘီလိုအာအထိ - ၂၀၂၆-၂၀၂၇ ဘောလုံးရာသီအတွက် ပရီးမီးယားလိဂ်နည်းပြသစ်များ

အခုကျင်းပတော့မယ့် ၂၀၂၆-၂၀၂၇ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အသင်းတော်တော်များများရဲ့ နည်းပြခုံတန်းတွေထက် မျက်နှာသစ်တွေကို မြင်တွေ့သွားရပါလိမ့်မယ်။

၂၀၂၆ ခုနှစ်အတွင်း ပရီးမီးယားလိဂ်မှာ နည်းပြအပြောင်းအလဲတွေ အတော်လေးများပြားခဲ့ပြီး ရာသီသစ်အတွက်ဆိုရင် အသင်းရှစ်ခုထက်မနည်း နည်းပြသစ်တွေနဲ့အတူ ပွဲထွက်လာကြပါလိမ့်မယ်။ ဒါ့အပြင် တန်းတက်အသင်းသုံးခုကိုပါ ထည့်တွက်မယ်ဆိုရင် ဒီလိဂ်ရဲ့အသင်းထက်ဝက်ကျော်လောက်က သူတို့ရဲ့ကလပ်အသင်းတွေနဲ့အတူ ပရီးမီးယားလိဂ်ခရီးစဉ်ကို ပထမဆုံးစတင်လာမယ့် နည်းပြသစ်တွေလို့ ပြောနိုင်ပါတယ်။

တချို့နည်းပြတွေက ဒီလိဂ်မှာ ဖြတ်သန်းဖူးတဲ့ အတွေ့အကြုံရှိထားကြပေမဲ့ အခုတော့ ကလပ်အသင်း ၁၀ ခုလောက်က ခေတ်သစ်တစ်ခုစတင်ဖို့ ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အခုရာသီမှာ အသင်းသစ်တွေနဲ့အတူ စတင်တော့မယ့် နည်းပြသစ်တွေကို လေ့လာကြည့်လိုက်ရအောင်ပါ။

**ဇာဘီအလွန်ဆို (ချဲလ်ဆီး)**
ဇာဘီအလွန်ဆိုက လီဗာပူးကစားသမားဘဝမှာ အောင်မြင်မှုတွေ အများကြီးရယူခဲ့ဖူးလို့ အင်္ဂလိပ်ဘောလုံးလောကနဲ့ မစိမ်းပါဘူး။ ဒါပေမဲ့ နည်းပြတစ်ဦးအဖြစ်ဆိုရင်တော့ အခုရာသီ၊ ချဲလ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ကို ပထမဆုံးအကြိမ် ခြေချလာခြင်းလို့ ပြောနိုင်ပါတယ်။ 

ရီးရဲလ်ဆိုစီဒက်အရန်အသင်းမှာ နည်းပြဘဝ စတင်ခဲ့ပြီးနောက် သူက လေဗာကူဆင်အသင်းနည်းပြချုပ်အဖြစ် ပရော်ဖက်ရှင်နယ်ထိပ်တန်းနည်းပြလောကဆီ ပထမဆုံးအကြိမ် ဝင်ရောက်လာပါတယ်။ အဲ့ဒီမှာ သူက လေဗာကူဆင်အသင်းကို ရှုံးပွဲမရှိစံချိန်နဲ့အတူ သမိုင်းတလျှောက် ပထမဆုံးဘွန်ဒက်စ်လီဂါချန်ပီယံဆုရရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ခဲ့ပေမဲ့ လာလီဂါမှာ ထင်သလောက် မအောင်မြင်ခဲ့ပါဘူး။

ရီးရဲလ်မက်ဒရစ်မှာ ရလဒ်တွေဆိုးရွားခဲ့လို့ ရှစ်လအကြာမှာတင် ရာထူးမှနုတ်ထွက်ခဲ့ပြီး ခေတ္တခဏ အနားယူခဲ့ပါတယ်။ အခုတော့ ၂၀၂၆-၂၀၂၇ ဘောလုံးရာသီမှာ ချဲလ်ဆီးနည်းပြအဖြစ် တာဝန်ယူပါတော့မယ်။ အသက် ၄၄ နှစ်အရွယ် အလွန်ဆိုက ခံစစ်သုံးယောက်တန်းကစားပုံနဲ့ အောင်မြင်မှုတွေ ရယူခဲ့ဖူးလို့ စတမ်းဖို့ဒ်ဘရစ်ချ်မှာလည်း အဲ့ဒီပုံစံကိုပဲ ကျင့်သုံးလာနိုင်ပါတယ်။

ကစားသမားခေါ်ယူမှုပိုင်းမှာလည်း ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် မော်ဂန်ရိုဂျာစ်ကို ခေါ်ယူထားပြီး ဒါက အလွန်ဆိုအပေါ် အသင်းဘုတ်အဖွဲ့ရဲ့အပြည့်အ၀ထောက်ခံနေမှုကို ဖော်ညွှန်းပြသပေးနေပါတယ်။ ဒါ့အပြင် ဝါရင့်တွေဖြစ်တဲ့ ဒန်နီဝဲလ်ဘတ်နဲ့ ဂျော်ဒန်ဟန်ဒါဆန်တို့ကို ခေါ်ယူမှုကလည်း အသင်းအတွက် လိုအပ်နေတဲ့ အတွေ့အကြုံပိုင်းကို အလွန်ဆိုကိုယ်တိုင် ဦးစားပေးဖြည့်ဆည့်နေခြင်း ဖြစ်ပါတယ်။ ခံစစ်မှူးတွေဖြစ်တဲ့ လာခရော့စ်နဲ့ ပါလစ်စထရာတို့ ရောက်ရှိလာပြီးနောက် အလွန်ဆိုစိတ်ကြိုက်ဖြစ်တဲ့ ခံစစ်သုံးယောက်တန်းစနစ်ဆီ ဦးတည်နေပြီဆိုတာ ပိုပြီး ထင်ရှားလာပါတယ်။

**မာကိုရို့စ် (ဘုန်းမောက်)**
ဘုန်းမောက်အသင်းက အီရာအိုလာလို အောင်မြင်တဲ့နည်းပြတစ်ဦးကို လက်လွှတ်လိုက်ရပြီးနောက် ဂျာမန်နည်းပြမာကိုရို့စ်နဲ့ ချက်ချင်းဆိုသလို အစားထိုးခဲ့ပါတယ်။

အသက် ၄၉ နှစ်အရွယ် မာကိုရို့စ်ဟာ ဒေါ့မွန်နဲ့ လိုက်ပ်ဇစ်တို့လို ဘွန်ဒက်လီဂါအသင်းကြီးတွေကို ကိုင်တွယ်ခဲ့ဖူးပါတယ်။ သူက ဂန္တဝင်နည်းပြကြီးယာဂန်ကလော့ပ်လက်အောက်မှာ မိန့်ဇ်ကစားသမားအဖြစ် ဖြတ်သန်းခဲ့ဖူးလို့ အခုသူ့ရဲ့နည်းဗျူဟာတွေမှာလည်း ယာဂန်ကလော့ပ်ရဲ့လွှမ်းမိုးမှုတွေ အများကြီးပါဝင်နေပါတယ်။

"မာကိုရို့စ်ရဲ့ကစားဟန်ကတော့ ပြင်းထန်တဲ့ ဖိအားပေးမှု (Heavy Pressing) နဲ့ အရှိန်အဟုန်မြှင့် ကစားတာပဲ ဖြစ်ပါတယ်။ သူ့မှာရှိတဲ့ ကစားသမားတွေအရ ကြည့်မယ်ဆိုရင် ဘုန်းမောက်မှာ သူသုံးမယ့်ပုံစံက လိုက်ပ်ဇစ်မှာလိုပဲ ပွဲကို စိုးမိုးကစားပြီး ခံစစ်မှ တိုက်စစ်ကို မြန်မြန်ဆန်ဆန်ကူးပြောင်းတဲ့ ပုံစံမျိုး ဖြစ်လာနိုင်ပါတယ်" လို့ Flashscore ဂျာမနီရဲ့ ဘောလုံးသုံးသပ်သူ ဟင်နရီဘရိုင်းစ်က ဆိုပါတယ်။

"သူ့ရဲ့ဘောလုံးစတိုင်က အခြေခံအားဖြင့် အင်္ဂလန်နဲ့ အံဝင်ခွင်ကျ ဖြစ်နေပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူက သူ့ရဲ့ကစားသမားတွေကို မိနစ် ၉၀ အထိ စိတ်အားထက်သန်မှုအပြည့် တိုက်ပွဲဝင်ခိုင်းတတ်လို့ပါပဲ"လို့ ဆက်ပြောပါတယ်။

မာကိုရို့စ်က လိုက်ပ်ဇစ်နဲ့အတူ ဂျာမန်ပိုကယ်လ်ဖလားရယူဖူးတဲ့ အတွေ့အကြုံကို ပိုင်ဆိုင်ထားလို့ အဓိကဆုဖလားမရရှိဖူးသေးတဲ့ ဘုန်းမောက်ပရိသတ်တွေအတွက်တော့ မျှော်လင့်ချက်အသစ်တစ်ခုလည်း ရှိနေပြန်ပါတယ်။ ခြေစွမ်းတိုးတက်နေတဲ့ ဘုန်းမောက်အတွက် ဆုဖလားတစ်လုံးရယူနိုင်ဖို့ဆိုတာ နောက်ထပ်အဓိကရည်မှန်းချက်တစ်ခု ဖြစ်လာပါလိမ့်မယ်။

**ပီယာဆေ့ချ် (ခရစ္စတယ်ပဲလေ့စ်)**
ပီယာဆေ့ချ်အတွက်တော့ ခရစ္စတယ်ပဲလေ့စ်သမိုင်းတလျှောက် အကောင်းဆုံးနည်းပြတွေအနက် တစ်ဦးဖြစ်တဲ့ အိုလီဗာဂလက်စ်နာရဲ့နေရာကို အစားထိုးဖို့ဆိုတဲ့ ခက်ခဲတဲ့တာဝန်တစ်ရပ် ရှိနေပါတယ်။ 

ဒီပြင်သစ်လူမျိုးနည်းပြကို ပရီးမီးယားလိဂ်ပရိသတ်တွေ သိပ်မသိကြသေးပေမဲ့ သူက မကြာသေးခင်နှစ်တွေအတွင်း အံ့ဩစရာကောင်းလောက်အောင် ထူးခြားတဲ့ တိုးတက်မှုတွေကို ပြသခဲ့ပါတယ်။

ပီယာဆေ့ချ်က ပရော်ဖက်ရှင်နယ်ကစားသမားတစ်ဦး မဖြစ်လာခဲ့ပေမဲ့ အသက် ၂၄ နှစ်အရွယ်ကတည်းက ပြင်သစ်ဘောလုံးလောကရဲ့ကန့်လန့်ကာနောက်ကွယ်ဆီ ရောက်ရှိနေခဲ့သူ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ နည်းပြရာထူးအထိ တဖြည်းဖြည်း တက်လှမ်းလာနိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ လိုင်ယွန်အသင်းကို စတင်ကိုင်တွယ်ခဲ့ပါတယ်။

"ပီယာဆေ့ချ်ကတော့ ဘောလုံးလောကရဲ့ ရိုးရာနည်းလမ်းတွေအတိုင်းမဟုတ်ဘဲ ကိုယ်ပိုင်ဟန်နဲ့ လေ့ကျင့်ပျိုးထောင်လာတဲ့ နည်းစနစ်ကျတဲ့ နည်းပြတစ်ဦး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီအနည်းငယ်အတွင်းမှာတော့ ပြင်သစ်ရဲ့အထင်ရှားဆုံးနည်းပြတွေအနက် တစ်ဦး ဖြစ်လာခဲ့ပါတယ်" လို့ Flashscore ပြင်သစ်ရဲ့ ပါဘလိုဂယ်လီဂိုက ရှင်းပြပါတယ်။

သူ့ရဲ့ဦးဆောင်မှုအောက်မှာ လိုင်ယွန်အသင်းက မယုံနိုင်စရာကောင်းတဲ့ အလှည့်အပြောင်းတွေ ဖြစ်ခဲ့ပါတယ်။ သူစတင်ရောက်လာချိန် လိုင်ယွန်အသင်းက အမှတ်ပေးဇယားအောက်ဆုံးနေရာမှာ ရှိနေခဲ့ပေမဲ့ နောက်ဆုံးမှာတော့ ဥရောပပြိုင်ပွဲဝင်ခွင့်ရရှိလာသလို ပြင်သစ်ဖလားဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့ပါတယ်။ 

အဲ့ဒီအချိန်မှစလို့ သူက ပြင်သစ်ဘောလုံးလောကမှာ နာမည်ကျော်လာပြီး နောက်တစ်ရာသီမှာတော့ လန်းစ်အသင်းရဲ့ခေါ်ဆောင်မှုကို ရရှိခဲ့ပါတယ်။

လန်းစ်အသင်းနဲ့အတူ သူဖြတ်သန်းခဲ့တဲ့ ရာသီကတော့ တကယ်ကို ထူးခြားခဲ့ပါတယ်။ သူက လီဂူးဝမ်းရဲ့တစ်နှစ်တာအကောင်းဆုံးနည်းပြဆု ရရှိခဲ့သလို၊ အသင်းကိုလည်း အမှတ်ပေးဇယား အဆင့် ၂ မှာ ရပ်တည်စေခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် လေးကြိမ်မြောက် ချန်ပီယံလိဂ်ဝင်ခွင့်ကို ရှာဖွေပေးခဲ့ပါတယ်။

ဒါ့အပြင် ပီယာဆေ့ချ်က ပြီးခဲ့တဲ့ဘောလုံးရာသီမှာ လန်းစ်အသင်းအတွက် သမိုင်းတလျှောက် ပထမဆုံးအကြိမ် ပြင်သစ်ရှုံးထွက်ဖလားကို ရယူပေးခဲ့ပါတယ်။ ဒါက ခရစ္စတယ်ပဲလေ့စ်မှာ အက်ဖ်အေဖလားရယူပေးခဲ့တဲ့ ဂလက်စ်နာနဲ့ အတော်လေးဆင်တူနေပါတယ်။ 

ကစားဟန်ပိုင်းမှာတော့ ပီယာဆေ့ချ်က ပက်ဂွာဒီယိုလာကို အားကျသူတစ်ဦးဖြစ်ပြီး နေရာယူကစားပုံ (positional football)၊ ပြင်းထန်တဲ့ဖိအားပေးမှုနဲ့ ကျစ်လျစ်တဲ့ခံစစ်ကစားဟန်ကို သဘောကျတယ်လို့ ဂယ်လီဂိုက ဆိုပါတယ်။

**အာဘီလိုအာ (ဖူလ်ဟမ်)**
ဖူလ်ဟမ်အသင်းရဲ့ အာဘီလိုအာကို တာဝန်ပေးအပ်မှုက အခုနွေရာသီရဲ့ စိတ်ဝင်စားစရာအကောင်းဆုံးအပြောင်းအလဲတွေအနက် တစ်ခု ဖြစ်လာပါတယ်။

ဒီစပိန်လူမျိုးမှာ နည်းပြအတွေ့အကြုံပိုင်း အကန့်အသတ်ရှိပေမဲ့ သူရရှိခဲ့တဲ့ အတွေ့အကြုံအားလုံးက ဘောလုံးလောကရဲ့အကြီးကျယ်ဆုံးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ဆီမှ ဖြစ်ပါတယ်။ 

အာဘီလိုအာက ရီးရဲလ်မက်ဒရစ်အရန်အသင်းကို ကနဦးကိုင်တွယ်ခဲ့ပြီး ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ဒုတိယရာသီဝက်မှာ အလွန်ဆိုရဲ့နေရာကို အစားထိုးဝင်ရောက်ကာ စီနီယာအသင်းကြီးကို တာဝန်ခဲ့ပါတယ်။ ဒါပေမဲ့ အသင်းရဲ့ရလဒ်ပိုင်း ပြန်လည်ကောင်းမွန်အောင် မစွမ်းဆောင်နိုင်လို့ ရာသီကုန်မှာ ရာထူးမှ နုတ်ထွက်လာခဲ့ပါတယ်။

အချက်အလက်တွေ သိပ်မရှိသေးပေမဲ့ အာဘီလိုအာက လူငယ်နည်းပြတစ်ဦးအဖြစ် ၄-၃-၃ ကစားကွက်ကို သဘောကျပြီး မြန်ဆန်တဲ့၊ ဖိအားပေးကစားတဲ့ ပုံစံမျိုးကို အားပေးလေ့ရှိပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းကြီးကို တာဝန်ယူချိန် တိုတောင်းလွန်းလို့ သူ့ရဲ့စိတ်ကူးတွေ အကောင်အထည်ဖော်ဖို့ အချိန်မရှိခဲ့သလို အရည်အသွေးမြင့်ကစားသမားတွေ အများကြီးရှိနေတဲ့အသင်းမျိုးမှာ နည်းဗျူဟာအတိုင်း အတိအကျကစားဖို့ဆိုတာ ခက်ခဲလေ့ရှိလို့ သူ့ကိုဆန်းစစ်ဖို့အတွက် အနည်းငယ်ခက်ခဲပါတယ်။ 

ဖူလ်ဟမ်ကစားသမားတွေနဲ့ ရာသီကြိုတွေ့ဆုံချိန်မှာတော့ အာဘီလိုအာက ကစားသမားတွေကို သူတို့ရဲ့အရည်အချင်းတွေ အပြည့်အဝပြသခွင့်ပေးမယ်လို့ ဆိုပါတယ်။ ဒါက ကီဗင်၊ ဂျော့ရှ်ကင်းနဲ့ အော်စကာဘော့ဘ်တို့လို ကစားသမားတွေအတွက် သတင်းကောင်းပါပဲ။ ဒါပေမဲ့ ကြိုးစားအားထုတ်မှုလည်း ရှိဖို့လိုတယ်လို့ သူက သတိပေးပါတယ်။

"ကျွန်တော်တို့က သတ္တိရှိတဲ့ ကစားသမားတွေကို လိုချင်တာပါ။ ကိုယ်ပိုင်ဟန်ရှိတဲ့သူတွေကို လိုချင်တာပါ။ ခင်ဗျားတို့ရဲ့အရည်အချင်းတွေကို ပြသနိုင်ဖို့ ကျွန်တော် ယုံကြည်မှု ပေးပါမယ်။ ဒါပေမဲ့ ကြိုးစားမှုမပါတဲ့ အရည်အချင်းကတော့ ဘာမှအဓိပ္ပာယ်မရှိပါဘူး" လို့ အသင်းရဲ့လူမှုကွန်ရက်မှာ တင်ထားတဲ့ ရုပ်သံဗီဒီယိုထဲမှာ အာဘီလိုအာက ပြောထားပါတယ်။

"ကျွန်တော်တို့က ပြိုင်ဘက်အပေါ် အမြင့်ဆုံးဖိအားပေးတဲ့အသင်းတစ်ခု ဖြစ်လာပါလိမ့်မယ်။ ယှဉ်ပြိုင်ကစားဖို့ခက်ခဲတဲ့အသင်းတစ်ခုဖြစ်လာအောင် လုပ်သွားပါမယ်။ အစွမ်းကုန်ပေးဆပ်ပြီး နောက်ဆုံးအချိန်အထိ ပြေးလွှားကစားနေမယ့် အသင်းတစ်ခု ဖြစ်လာပါလိမ့်မယ်" လို့ ဆိုပါတယ်။

အစောပိုင်းရာသီကြိုပွဲစဉ်တွေကို ကြည့်ရင် အာဘီလိုအာက ဖူလ်ဟမ်ကို ရီးရဲလ်မက်ဒရစ်လူငယ်အသင်းမှာလိုပဲ ပုံစံချထားတာ တွေ့ရပါတယ်။ ဟာရီဆန်ရိဒ်ကို ကွင်းလယ်ခံစစ်မှာ ထားပြီး အီဝိုဘီ၊ စမစ်ရိုတို့နဲ့အတူ ကွင်းလယ်သုံးယောက်တန်းစနစ်ကို အသုံးပြုပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ကစာသမားတွေ ပြန်ရောက်လာချိန်မှာတော့ ဒီအချက်တွေ ပြောင်းလဲသွားနိုင်ပါသေးတယ်။ 

**အန်ဇိုမာရက်စ်ကာ (မန်စီးတီး)**
ဘောလုံးလောကမှာ လူတိုင်းသိပြီးသားသတင်းလိုပဲ အန်ဇိုမာရက်စ်ကာက ဂန္ထဝင်နည်းပြပက်ဂွါဒီယိုလာရဲ့နေရာမှာ မန်စီးတီးနည်းပြသစ်အဖြစ် အစားဝင်လာခဲ့ပါတယ်။ ဒီအီတလီလူမျိုးက မန်စီးတီးမှာ လူငယ်နည်းပြအဖြစ် လုပ်ကိုင်ခဲ့ဖူးလို့ အသင်းအကြောင်း ကောင်းကောင်းသိထားသလို လက်စတာနဲ့ ချဲလ်ဆီးတို့မှာလည်း နည်းပြချုပ်အဖြစ် သူ့ရဲ့စိတ်ကူးတွေကို လက်တွေ့အကောင်အထည်ဖော်ခဲ့ပါတယ်။

မာရက်စ်ကာက နည်းပြသက်တမ်း နုနယ်သေးပေမဲ့ လက်စတာကို ချန်ပီယံရှစ်ဖလား ရယူပေးခဲ့သလို ချဲလ်ဆီးကိုလည်း ကွန်ဖရင့်လိဂ်နဲ့ ကလပ်ကမ္ဘာ့ဖလားတွေ ရရှိအောင် စွမ်းဆောင်ပေးခဲ့လို့ ဆုဖလားတွေ ရယူနိုင်စွမ်းရှိတယ်ဆိုတာ သက်သေပြခဲ့ပြီးသားပါ။ သူ့ရဲ့ နည်းဗျူဟာပိုင်းမှာ ပက်ဂွါဒီယိုလာရဲ့လွှမ်းမိုးမှုတွေ အများကြီးပါဝင်နေလို့ မန်စီးတီးအတွက်တော့ ရာသီသစ်မှာ အပြောင်းအလဲတွေ အများကြီးလုပ်စရာမလိုဘဲ အဆင်ပြေသွားနိုင်ပါတယ်။

သူဟာ ခံစစ်မှတဆင့် ဘောလုံးကစားကွက်ကို စနစ်တကျတည်ဆောက်ပြီး ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူထားတဲ့ပုံစံကို ဦးစားပေးလေ့ ရှိပါတယ်။ ဒါက အီတီဟတ်ကွင်းမှာ ပက်ဂွါဒီယိုလာကိုယ်တိုင် ဆယ်စုနှစ်တစ်ခုကြာကျင့်သုံးခဲ့တဲ့ပုံစံ ဖြစ်လို့ ပရိသတ်တွေအတွက် သိပ်မစိမ်းလှပါဘူး။ မာရက်စ်ကာအတွက် အကြီးမားဆုံးစိန်ခေါ်မှုကတော့ ဂျွန်စတုန်းစ်၊ အကီနဲ့ ဘာနာဒိုဆေးလ်ဗားတို့လို ဝါရင့်ကစားသမားတွေ ထွက်ခွာသွားချိန်မှာ အသင်းကို အကောင်းဆုံးပြန်လည်ထိန်းကျောင်းဖို့ပဲ ဖြစ်ပါတယ်။ 

ဒါ့အပြင် ရိုဒရီနဲ့ ရီးရဲလ်မက်ဒရစ်အကြား အပြောင်းအရွှေ့သတင်းတွေ ဆက်တိုက်ထွက်ပေါ်နေလို့ နည်းပြအတွက် ဖြေရှင်းရမယ့် အခက်အခဲတစ်ခုလည်း ရှိနေပါသေးတယ်။ မာရက်စ်ကာအတွက် အခုလိုမတည်မငြိမ်အခြေအနေတွေကို ကျော်ဖြတ်ဖို့ဆိုတာ အချိန်တစ်ခုတော့ လိုအပ်ပါလိမ့်မယ်။ ဒါပေမဲ့ သူ့မှာ အောင်မြင်မှုရရှိဖို့အတွက် ခိုင်မာတဲ့ အခြေခံကောင်းတွေ ရှိနေပြီးပါပြီ။

**အီရာအိုလာ (လီဗာပူး)**
အီရာအိုလာကတော့ ပြီးခဲ့တဲ့ရာသီ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဘုန်းမောက်ကို အမှတ်ပေးဇယားဆဋ္ဌမနေရာရရှိအောင် ဦးဆောင်ပေးပြီး အသင်းသမိုင်းတလျှောက် ပထမဆုံးအကြိမ် ဥရောပပြိုင်ပွဲဝင်ခွင့်ရရှိအောင် ကူညီပေးခဲ့ပါတယ်။ ဒီလိုအောင်မြင်မှုတွေနဲ့အတူ သူက လီဗာပူးဆီ ရောက်ရှိလာခဲ့တာပါ။ သူက ဘုန်းမောက်အသင်းမှာ ပရီးမီးယားလိဂ် ၁၈ ပွဲဆဆက် ရှုံးပွဲမရှိစံချိန်တင်နိုင်ခဲ့လို့ လတ်တလော စွမ်းဆောင်ရည်အကောင်းဆုံးနည်းပြတွေအနက် တစ်ဦးလို့လည်း ပြောနိုင်ပါတယ်။ လီဗာပူးပရိသတ်တွေရဲ့မျှော်လင့်ချက်ကလည်း သူ့အပေါ်မှာ အများကြီး ရှိနေပါတယ်။

အီရာအိုလာက မြန်ဆန်တဲ့ ကစားဟန်၊ သက်လုံပိုင်းကောင်းမွန်တဲ့ ကစားသမားတွေကို အသုံးချကာ ပြင်းထန်တဲ့ ဖိအားပေးမှုစတင်တာနဲ့ တန်ပြန်တိုက်စစ်ဆီ မြန်မြန်ဆန်ဆန် ကူးပြောင်းလေ့ရှိတဲ့ ပုံစံတွေကို ကျင့်သုံးပါတယ်။ ဒါက လီဗာပူးပရိသတ်တွေအတွက် နည်းပြဟောင်းယာဂန်ကလော့ပ်လက်ထက် အန်ဖီးလ်မှာ အမြဲမြင်တွေ့နေကျပုံစံလည်း ဖြစ်ပါတယ်။

တကယ်လို့ အီရာအိုလာသာ ကလော့ပ်ရဲ့ပုံစံကို သူ့ရဲ့ကိုယ်ပိုင်စိတ်ကူးသစ်တွေနဲ့ ပေါင်းစပ်နိုင်မယ်ဆိုရင် အောင်မြင်မှုအခွင့်အလမ်းတွေ အများကြီးရရှိလာနိုင်ပါတယ်။ မိုဆာလက်နဲ့ ရော်ဘတ်ဆန်တို့လို အသင်းရဲ့ဂန္တဝင်တွေ ထွက်ခွာသွားချိန်မှာ ရောက်ရှိလာတဲ့ ဒီစပိန်သားနည်းပြကြောင့် ဗန်ဒိုက်နဲ့ အလစ်ဆန်တို့လည်း ကစားသမားဘဝ အလှည့်အပြောင်းတစ်ခုနဲ့ ကြုံတွေ့သွားရနိုင်ပါတယ်။

ဒါပေမဲ့ လီဗာပူးပရိသတ်တွေအတွက် စိုးရိမ်စရာတော့ မရှိပါဘူး။ ဘာလို့လဲဆိုတော့ အီရာအိုလာက အကြီးအကျယ်ပြောင်းလဲမှုတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ဘုန်းမောက်မှာ သက်သေပြခဲ့ပြီးပါပြီ။ ဘုန်းမောက်က ပြီးခဲ့တဲ့နွေရာသီမှာ သူတို့ရဲ့နောက်တန်းစုဖွဲ့မှုတစ်ခုလုံးကို လက်လွှတ်ခဲ့ရလို့ ရုန်းကန်ရလိမ့်မယ်လို့ ထင်မှတ်ထားခဲ့ကြပေမဲ့ အီရာအိုလာရဲ့မှန်ကန်တဲ့ကစားသမားခေါ်ယူမှုတွေနဲ့အတူ သူ့ရဲ့အရည်အချင်းကို ပေါင်းစပ်ပြီး အသင်းအတွက် အအောင်မြင်ဆုံးဘောလုံးရာသီတစ်ခု ဖန်တီးပြခဲ့ပါတယ်။

**အိုလီဗာဂလက်စနာ (နော့တင်ဟမ်ဖောရက်စ်)**
အရှေ့မှာပြောခဲ့သလိုပဲ ဂလက်စနာက ခရစ္စတယ်ပဲလေ့စ်အသင်းကို အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အက်ဖ်အေဖလားနဲ့ ယူရိုပါကွန်ဖရန့်လိဂ်ဖလားတွေ ရယူပေးခဲ့လို့ သူ့ရဲ့တန်ဖိုးပုံရိပ် အတော်လေး မြင့်တက်နေပါတယ်။

အခုနွေရာသီ၊ နော်တင်ဟမ်ဖောရက်စ်ဆီ သူ့ရဲ့ပြောင်းရွှေ့မှုက ဘောလုံးအသိုင်းအဝိုင်းကို အံ့အားသင့်စေခဲ့ပါတယ်။ အထူးသဖြင့် အသင်းဟောင်းရဲ့ပိုင်ရှင်ဖြစ်သူတွေနဲ့ လူသိရှင်ကြား ပြဿနာတက်ပြီးမှ အသင်းပြောင်းလာလို့ပါပဲ။ ပြီးခဲ့တဲ့ဘောလုံးရာသီ၊ နည်းပြလေးဦးအထိအပြောင်းအလဲပြုလုပ်ပြီး ပရီးမီးယားလိဂ်မှာရှင်သန်နိုင်ဖို့ အသည်းအသန်ရုန်းကန်ခဲ့ရတဲ့ နော်တင်ဟမ်ဖောရက်စ်ရော ဂလက်စ်နာအတွက် အဆင်ပြေပါ့မလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ 

ဒါပေမဲ့ ဖောရက်စ်အသင်းကတော့ ဂလက်စနာကို အပြည့်အဝ ထောက်ပံ့ပေးနေပုံရပါတယ်။ သူနဲ့ အရင်လက်တွဲခဲ့ဖူးတဲ့ ကွင်းလယ်လူရှလာဂါကို ခေါ်ယူပေးထားသလို အရည်အသွေးမြင့်နောက်ခံလူ အူစမန်ဒီအိုမန်ဒီကို ခေါ်ယူဖို့လည်း သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပါတယ်။

ဂလက်စနာက ခရစ္စတယ်ပဲလေ့စ်ကို ကိုင်တွယ်ချိန်မှာ ၃-၄-၃ ကစားကွက်နဲ့အတူ အောင်မြင်မှုတွေ အများကြီးရယူခဲ့ပါတယ်။ အခုလည်း နောတင်ဟမ်ဖောရက်စ်က သူ့ကို အလားတူပုံစံမျိုးနဲ့ အောင်မြင်အောင် လုပ်ဆောင်နိုင်ဖို့ လိုအပ်တဲ့ လက်နက်တွေ အပြည့်အစုံ ပြင်ဆင်ပေးထားတာကြောင့် နီကိုဝီလျံ၊ မော်ဂန်ဂစ်ဝှိုက်စ်နဲ့ ရှလာဂါတို့လို ကစားသမားတွေအတွက် အကျိုးရှိလာပါလိမ့်မယ်။

**ဆာဂေး ဂျာကီရိုဗစ် (ဟားလ်စီးတီး)**
ရာသီသစ်မှာ ပရီးမီးယားလိဂ်ပရိသတ်တွေအတွက် အသစ်လွင်ဆုံးဖြစ်နေမယ့် နည်းပြကတော့ ဟားလ်စီးတီးနည်းပြ ဆာဂေး ဂျာကီရိုဗစ်ပါပဲ။

ဒီဘော့စနီးယားလူမျိုးနည်းပြက ပြီးခဲ့တဲ့ဘောလုံးရာသီ၊ အပြောင်းအရွှေ့ပိတ်ပင်ခံထားရချိန်မှာပဲ ဟားလ်စီးတီးကို ချန်ပီယံရှစ်ပလေးအော့ဖ်မှတဆင့် တန်းတက်ခွင့်ရရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီမစတင်ခင်မှာဆိုရင် ပရိသတ်အတော်များများက ဟားလ်စီးတီးကို တန်းဆင်းရလိမ့်မယ်ဆိုပြီး ခန့်မှန်းခဲ့ကြပါတယ်။

သူ့ရဲ့နည်းဗျူဟာပိုင်းကျွမ်းကျင်မှုတွေက အိုလီမက်ဘာနေးနဲ့ ဂျိုးဂဲလ်ဟတ်တို့လို ကစားသမားတွေကို ခြေစွမ်းပြနိုင်အောင် ကူညီပေးခဲ့ပြီး အခုတော့ အဲဒီရဲ့အသီးအပွင့်တွေကို ခံစားနေရပါပြီ။ လတ်တလောမှာ အပြောင်းအရွှေ့ပိတ်ပင်ထားမှု မရှိတော့လို့ ဟားလ်စီးတီးအသင်းက ရာသီအဖွင့်မတိုင်ခင် ကစားသမားသစ်တွေ အလုံးအရင်းဖြင့် ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ သူတို့ရဲ့ကစားသမားသစ်စာရင်းထဲမှာ ဂျက်ဘတ်လန်း၊ မတ်တားဂတ်၊ မိုရီတာနဲ့ ဇမ်ဘရာနိုတို့ကိုတော့ ပေါင်းထည့်ထားနိုင်ပါပြီ။ 

အသင်းပိုင်ရှင်အီလီကာလီကလည်း အနည်းဆုံးကစားသမားသစ် ၁၀ ဦးလောက်အထိ ခေါ်ယူဖို့ ထပ်ကြိုးစားနေတယ်လို့ အတည်ပြုထားပါတယ်။ ဒါကြောင့် ဂျာကီရိုဗစ်အတွက် ပရီးမီးယားလိဂ်မှာ ရပ်တည်နိုင်ဖို့ အသင်းရဲ့ထောက်ပံ့မှုကို အပြည့်အ၀ရရှိသွားပါတော့မယ်။ ဒီလိုခက်ခဲတဲ့စိန်ခေါ်မှုတွေကို သူ ဘယ်လိုရင်ဆိုင်မလဲဆိုတာ စောင့်ကြည့်ရမယ့်ကိစ္စက တကယ့်ကို စိတ်ဝင်စားစရာကောင်းလှပါတယ်။ 

**ဖရန့်လမ်းပတ် (ကိုဗင်ထရီ)**
အဲဗာတန်နဲ့ ချဲလ်ဆီးမှာ ရုန်းကန်ခဲ့ရလို့ လမ်းပတ်ရဲ့ဂုဏ်သတင်းနိမ့်ကျနေချိန် ကိုဗင်ထရီက သူ့ကို ယုံယုံကြည်ကြည်နဲ့ တာဝန်ပေးအပ်ခဲ့ပါတယ်။ အခုတော့ လမ်းပတ်က ကိုဗင်ထရီအတွက် ချန်ပီယံရှစ်ဖလားရယူပေးပြီး အသင်းရဲ့ယုံကြည်မှုကို ထိုက်ထိုက်တန်တန်ပေးဆပ်နိုင်ခဲ့ပြီလို့ ဆိုရပါလိမ့်မယ်။

လမ်းပတ်က အသင်းကို စိတ်လှုပ်ရှားစရာကောင်းတဲ့ တိုက်စစ်ဖွင့်ကစားဟန်မျိုး ရရှိအောင် လုပ်ပေးထားပါတယ်။ ဒီပုံစံကို ပရီးမီးယားလိဂ်မှာ အသုံးပြုဖို့ ခက်ခဲနိုင်ပေမဲ့ သူကတော့ ထိပ်တန်းအဆင့်မှာ ကိုယ့်ကိုယ်ကိုယ်ပြန်ပြီး သက်သေပြဖို့ ကြိုးစားသွားမယ်ဆိုတာ သေချာသလောက်ပါပဲ။ 

ဒီအင်္ဂလန်လက်ရွေးစင်ကစားသမားဟောင်းကြီးက အသင်းတစ်ခုလုံးအပေါ်မှာရော၊ ကစားသမားတစ်ဦးချင်းအပေါ်မှာပါ ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိခဲ့တယ်ဆိုတာ သိသာပါတယ်။ ဥပမာ ကွင်းလယ်လူဂျက်ရူဒိုနီဆိုရင် လမ်းပတ်ရဲ့ညွှန်ကြားမှုအောက်မှာ အတော်လေးတိုးတက်လာပြီး ဂိုးသွင်းယူမှုအပိုင်းမှာရော၊ ဂိုးဖန်တီးမှုအပိုင်းမှာပါ ပြိုင်ဘက်တွေအတွက် အန္တရာယ်ပေးနိုင်သူ ဖြစ်လာပါတယ်။

ကိုဗင်ထရီရဲ့ အခုနွေရာသီအပြောင်းအရွှေ့လှုပ်ရှားမှုတွေကတော့ အေးစက်နေတုန်းပါပဲ။ သူတို့က တန်းတက်အောင်လုပ်ပေးခဲ့တဲ့ကစားသမားတွေကိုပဲ ဆက်ပြီး အားကိုးသွားမယ့်ပုံပေါ်ပေမဲ့ ဒါလည်း မကောင်းဘူးလို့တော့ ပြောလို့မရပါဘူး။

လမ်းပတ်ကတော့ အသင်းမှာ နှစ်နှစ်နီးပါးကြာ ရှိနေပြီဖြစ်လို့ သူ့ကစားသမားတွေအကြောင်း ကောင်းကောင်းသိထားပါတယ်။ ခက်ခဲမယ့်ပရီးမီးယားလိဂ်ခရီးစဉ်မှာ အသင်းကစားသမားတွေရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်တွေ ထွက်ပေါ်လာအောင် လမ်းပတ် ကြိုးစားသွားပါလိမ့်မယ်။

**ဂယ်ရီအိုနေးလ် (အစ်ဆွစ်ချ်)**
နောက်ဆုံးတစ်ဦးကတော့ ပရိသတ်တွေရဲ့အချစ်တော်နည်းပြ ကီရန်မက်ကင်နာ ရုတ်တရက် ထွက်ခွာသွားပြီးနောက်မှာ အစားထိုးဝင်ရောက်လာတဲ့ ဂယ်ရီအိုနေးလ် ဖြစ်ပါတယ်။

ပထမတော့ ဂယ်ရီအိုနေးလ်ရောက်ရှိလာမှုက ပရိသတ်တွေအတွက် သိပ်ပြီး စိတ်လှုပ်ရှားစရာ မကောင်းလှဘဲ ဒီထက်ပိုပြီး စိတ်လှုပ်ရှားစရာကောင်းသူမျိုးကို မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမဲ့ အိုနေးလ်က အသင်းတစ်ခုကို ပရီးမီးယားလိဂ်မှာ ဆက်ရှိနေအောင် လုပ်ပေးနိုင်တယ်ဆိုတာကို အကြိမ်ကြိမ် သက်သေပြခဲ့ပြီးသားပါ။

ဒီအင်္ဂလန်လူမျိုးနည်းပြက အတိတ်မှာ ဘုန်းမောက်နဲ့ ဝုဗ်တို့ကိုကို တန်းမဆင်းရအောင် ကယ်တင်ပေးခဲ့လို့ "လယ်ထွန်စက်ကောင်လေးများ" (Tractor Boys) လို့ အမည်ရတဲ့ အစ်ဆွစ်ချ်အတွက် စိတ်ချရတဲ့ရွေးချယ်မှုတစ်ခု ဖြစ်လာနိုင်ပါတယ်။

အိုနေးလ်က အသင်းကိုအင်အားဖြည့်ဖို့အတွက် တိုက်စစ်မှူး အီမာဆန်၊ အလားအလာရှိတဲ့ ကြယ်ပွင့်တွေဖြစ်တဲ့ ဖာတာဝူ၊ ရှာပင်နဲ့ ဝါရင့်နောက်ခံလူဒီအုပ်တို့ကို ခေါ်ယူထားပါတယ်။

အစ်ဆွစ်ချ်ကတော့ ရာသီကြိုခြေစမ်းပွဲမကစားရသေးလို့ နည်းပြသစ်နဲ့အတူ ဒီအသင်း ဘယ်လိုပုံစံမျိုး ပွဲထွက်လာမလဲဆိုတာ စောင့်ကြည့်သွားရပါဦးမယ်။