The network connection is lost.

Banner Image

လူငယ်နောက်ခံလူ တိုင်လာဖရက်ဒရစ်ဆန်ကို INEOS အုပ်စုပိုင်ဆိုင်တဲ့ လော်ဆန်-စပို့စ်အသင်းဆီ ရောင်းချလိုက်တဲ့ယူနိုက်တက်

အသက် ၂၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဖရက်ဒရစ်ဆန်ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ လူငယ်အကယ်ဒမီကနေ အဆင့်ဆင့်တက်လှမ်းလာသူဖြစ်ပြီး ၂၀၂၅ ခုနှစ် ဧပြီလမှာ ဝုလ်ဗ်အသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ပထမအသင်းအတွက် စတင်ပွဲထွက်ခွင့် ရရှိခဲ့သူပါ။

အခုအခါမှာတော့ ဖရက်ဒရစ်ဆန်ဟာ ဆာဂျင်ရက်ကလစ်ဖ်ရဲ့ INEOS အုပ်စုပိုင်ဆိုင်တဲ့ လော်ဆန်အသင်းဆီကို ပြောင်းရွှေ့ကြေး အတိအကျမဖော်ပြဘဲ ၃ နှစ်စာချုပ်နဲ့ အပြီးသတ် ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။

ယူနိုက်တက်အနေနဲ့ ဖရက်ဒရစ်ဆန်ကို တခြားအသင်းဆီ နောက်တစ်ဆင့် ပြန်လည်ရောင်းချခဲ့ရင် ရရှိမယ့် အမြတ်ဝေစုရာခိုင်နှုန်းအပြင် အသင်းဆီ ပြန်လည်ခေါ်ယူနိုင်ခွင့် (buyback clause) အချက်တွေကိုပါ ဒီစာချုပ်ထဲမှာ ထည့်သွင်းချုပ်ဆိုထားတယ်လို့ သိရပါတယ်။

ယူနိုက်တက်အသင်းကတော့ အသက် ၉ နှစ်အောက်အသင်းကတည်းက အသင်းနဲ့ လက်တွဲခဲ့တဲ့ ဖရက်ဒရစ်ဆန်အတွက် နွေးထွေးတဲ့ နှုတ်ဆက်စကားနဲ့အတူ အနာဂတ်မှာ အောင်မြင်မှုတွေရရှိပါစေကြောင်း ဆုတောင်းပေးခဲ့ပါတယ်။

"မန်ချက်စတာတောင်ပိုင်းက လာတဲ့ ယူနိုက်တက်သွေး အပြည့်ရှိသူတစ်ယောက်ဖြစ်သလို ကမ္ဘာကျော် လူငယ်အကယ်ဒမီကနေ ကြိုးစားအားထုတ်ပြီး အဆင့်ဆင့် ဂုဏ်ယူစွာ တက်လှမ်းလာခဲ့သူလည်း ဖြစ်ပါတယ်" လို့ ယူနိုက်တက်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

"ဒီနောက်ခံလူဟာ ၂၀၂၅ ခုနှစ် ဧပြီလ ၂၀ ရက်နေ့မှာ ဝုလ်ဗ်အသင်းနဲ့ပွဲကနေ ပထမအသင်းအတွက် စတင်ပွဲထွက်ခဲ့ပြီး ဘရန့်ဖို့ဒ်၊ ဂရင်းဘီတောင်းနဲ့ နယူးကာဆယ်အသင်းတွေနဲ့ ပွဲစဉ်တွေမှာလည်း ဆက်လက်ပါဝင် ကစားပေးခဲ့ပါတယ်။

အသက် ၉ နှစ်အောက်အရွယ်ကတည်းက အသင်းနဲ့ လက်တွဲခဲ့တဲ့ တိုင်လာဟာ အသင်းမှာ ရှိနေစဉ်တစ်လျှောက်လုံး စံပြပရော်ဖက်ရှင်နယ် ကစားသမားတစ်ဦး ဖြစ်ခဲ့သလို အကယ်ဒမီအသင်းသားတွေကြားမှာလည်း လူချစ်လူခင်ပေါသူ ဖြစ်ပါတယ်။

ဒါ့အပြင် သူဟာ ၂၀၂၅ ခုနှစ်အတွက် ဂုဏ်သရေရှိ Denzil Haroun အရန်အသင်း တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့သူဖြစ်လို့ ယူနိုက်တက်ရဲ့ သမိုင်းမှတ်တမ်းတွေထဲမှာ သူ့နေရာကို အခိုင်အမာ ရယူနိုင်ခဲ့ပါတယ်။

ယူနိုက်တက်မှာ ရှိနေစဉ်အတွင်း တိုင်လာရဲ့ ကြိုးစားအားထုတ်မှုတွေအတွက် အားလုံးက ကျေးဇူးတင်ရှိပြီး သူရဲ့ နောက်ထပ် ဘောလုံးသမားဘဝ ခရီးလမ်းသစ်မှာ အစစအရာရာ အဆင်ပြေချောမွေ့ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်" လို့ ဖော်ပြထားပါတယ်။