ချဲလ်ဆီးအပယ်ခံဒီလပ်ကိုခေါ်ယူနိုင်ဖို့ ပရီးမီးယားလိဂ်ကလပ်အသင်းသုံးခု အပြိုင်အဆိုင်ဖြစ်နေ
ချဲလ်ဆီးကစားသမားဘ၀အဖွင့်ဘောလုံးရာသီကို စိတ်ပျက်စရာကောင်းလောက်အောင် ဖြတ်သန်းခဲ့ရပေမဲ့ လီယန်ဒီလပ်အတွက် ရွေးချယ်ခွင့်တွေတော့ အများကြီးရှိနေပါတယ်။ နည်းပြသစ်အလွန်ဆိုရဲ့အသင်းကတော့ သူ့ကို အခုနွေရာသီစျေးကွက်မှာ ရောင်းထုတ်သွားဖို့ ပြင်ဆင်နေပါတယ်။
ပြီးခဲ့တဲ့နွေရာသီမှာ အသက် ၂၃ နှစ်အရွယ်တိုက်စစ်မှူးက တန်းဆင်းသွားတဲ့ အစ်ဆွစ်ချ်မှ ချဲလ်ဆီးဆီ စာချုပ်ဖျက်သိမ်းကြေးပေါင်သန်း ၃၀ ဖြင့် ရောက်ရှိလာခဲ့ပါတယ်။
ဒါပေမဲ့ ဒီတိုက်စစ်မှူးက အသင်းသစ်မှာ အသားကျဖို့ အတော်လေးရုန်းကန်ခဲ့ရပြီး ပြိုင်ပွဲစုံ ၄၂ ပွဲကစား၊ နှစ်ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။
The I သတင်းဌာနရဲ့ဖော်ပြချက်အရ စွမ်းဆောင်ရည်ပိုင်းအားရစရာမရှိပေမဲ့လည်း ဒီလပ်ကို ခေါ်ယူဖို့အတွက် လိဒ်ယူနိုက်တက်၊ နော်တင်ဟမ်ဖောရက်စ်နဲ့ အဲဗာတန်တို့ စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။
ချဲလ်ဆီးဘက်ကတော့ ဒီလပ်အတွက် ပေါင် ၃၅ သန်းမှ ပေါင်သန်း ၄၀ အကြား ဈေးသတ်မှတ်ထားပြီး နည်းပြအလွန်ဆိုရဲ့လက်အောက်မှာ အသင်းကို အကြီးအကျယ် ပြန်လည်ပြင်ဆင်ဖို့အတွက် ဒီတိုက်စစ်မှူးကို ရောင်းချသွားဖို့ လမ်းဖွင့်ထားပါတယ်။