The network connection is lost.

Banner Image

ဂျွန်စတုန်းစ်ကို အပြီးသတ်ခေါ်ယူလိုက်ပြီလို့ အင်တာမီလန်အသင်း အတည်ပြု

အင်တာမီလန်အသင်းက မန်စီးတီးနောက်ခံလူဟောင်း ဂျွန်စတုန်းစ်ကို အပြီးသတ်ခေါ်ယူလိုက်ပြီလို့ အတည်ပြုပါတယ်။

အသက် ၃၂ နှစ်အရွယ်ကစားသမားက အခုနွေရာသီအစောပိုင်းမှာ မန်စီးတီးနဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီး အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာလာခဲ့ပါတယ်။ သူက နည်းပြပက်ဂွါဒီယိုလာလက်အောက်မှာ ဆယ်စုနှစ်တစ်ခုကြာဖြတ်သန်းခဲ့ပြီး ဆုဖလားအောင်မြင်မှုများစွာ ဆွတ်ခူးရရှိခဲ့ပါတယ်။

၂၀၂၅-၂၀၂၆ ဘောလုံးရာသီမှာတော့ သူက ကြံ့ခိုင်မှုပိုင်းဆိုင်ရာ အခက်အခဲတွေကြောင့် ပရီးမီးယားလိဂ် ၉ ပွဲသာ ပါဝင်ကစားခဲ့ပြီး အဲ့ဒီပွဲစဉ်တွေအနက် ၅ ကြိမ်သာ ပွဲထွက်ခွင့် ရရှိခဲ့ပါတယ်။ ဒါပေမဲ့ သူက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် သောမတ်စ်တူချယ်ရဲ့အင်္ဂလန်အသင်းလူစာရင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်ပြီး တတိယကြေးတံဆိပ်ဆွတ်ခူးနိုင်ခဲ့တဲ့ အင်္ဂလန်အသင်းရဲ့ခရီးလမ်းမှာ ဒီဗဟိုခံစစ်မှူးက အဓိကအခန်းကဏ္ဍမှ ပါဝင်ကူညီခဲ့ပြီး အသင်းအတွက် ၅ ပွဲအထိ ပါဝင်ကစားပေးခဲ့ပါတယ်။

ဂျွန်စတုန်းစ်ကို ပရီးမီးယားလိဂ်မှာပဲ ဆက်ရှိနေဖို့ အာဆင်နယ်နဲ့ ချဲလ်ဆီးတို့က အလေးအနက်ကမ်းလှမ်းခဲ့ကြပေမဲ့ ကစားသမားကိုယ်တိုင်ကတော့ ပထမဆုံးအကြိမ်ပြည်ပထွက်ကစားဖို့ပဲ ရွေးချယ်ခဲ့ပါတယ်။

အခုတော့ အင်တာမီလန်အသင်းက ဂျွန်စတုန်းစ်ကို နှစ်နှစ်သက်တမ်းရှိစာချုပ်ဖြင့် ခေါ်ယူလိုက်တယ်လို့ အတည်ပြုလိုက်ပါပြီ။ ဒါက အင်တာမီလန်အတွက် အခုနွေရာသီကာလအတွင်း တတိယမြောက်ကစားသမားသစ်ခေါ်ယူမှုလည်း ဖြစ်ပါတယ်။