ဖီဖာရဲ့ရင်းနှီးမြှုပ်နှံမှုအစီအစဉ်တွေကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲကို သပိတ်မှောက်ဖို့ ယူအီးအက်ဖ်အေ စဉ်းစားနေ
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ရင်းနှီးမြှုပ်နှံသူအသစ်တွေ ရှာဖွေမယ်လို့ အရိပ်အမြွက်ပြောကြားလိုက်ပြီးနောက် အခုနှစ်အတွင်း ဖီဖာနဲ့ ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)တို့ ထိပ်တိုက်တွေ့ဆုံမှုတွေ ရှိလာနိုင်ပါတယ်။
BBC Sport ရဲ့ဖော်ပြချက်အရ ယူအီးအက်ဖ်အေအဖွဲ့ဝင် ၅၅ နိုင်ငံက ဖီဖာရဲ့ အငြင်းပွားဖွယ်အစီအစဉ်ဖြစ်တဲ့ အဓိကနိုင်ငံတကာပြိုင်ပွဲတွေရဲ့ ရှယ်ယာတွေကို ရောင်းချမယ့်ကိစ္စအပေါ် ဆွေးနွေးဖို့ အခုသီတင်းပတ်နှောင်းပိုင်းမှာ အရေးပေါ်အစည်းအဝေးတစ်ခု ပြုလုပ်သွားမယ်လို့ သိရပါတယ်။
ဖီဖာက ကမ္ဘာ့ဖလားအပါအဝင် သူတို့ရဲ့အဓိကပြိုင်ပွဲတွေကို စီမံခန့်ခွဲဖို့အတွက် စီးပွားရေးဆိုင်ရာကုမ္ပဏီခွဲအသစ်တစ်ခု တည်ထောင်ပြီး ပြင်ပရင်းနှီးမြှုပ်နှံသူတွေကို ရှယ်ယာတွေ ရောင်းချသွားချင်တယ်လို့ ပြောကြားခဲ့ပါတယ်။ အခုလို ဖီဖာရဲ့ ထုတ်ပြန်ချက်ကြောင့် ကန့်ကွက်မှုတွေ အပြင်းအထန် ထွက်ပေါ်လာခဲ့ပါတယ်။
ဖီဖာဘက်က ရရှိလာတဲ့ဝင်ငွေတွေကို ကမ္ဘာအနှံ့ရှိ ဘောလုံးအဖွဲ့ချုပ်တွေဆီ ပြန်လည်ခွဲဝေပေးသွားမယ်လို့ ပြောထားပေမဲ့၊ ယူအီးအက်ဖ်အေကတော့ "စည်းကျော်သွားတဲ့ လုပ်ရပ်" လို့ တုံ့ပြန်လိုက်ပါတယ်။ ပြိုင်ပွဲတွေအပေါ်မှာ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူတွေရဲ့လွှမ်းမိုးမှုတွေ ပါဝင်လာမယ့်အရေးကို ယူအီးအက်ဖ်အေက စိုးရိမ်နေပါတယ်။
ဖီဖာရဲ့အစီအစဉ်ထဲမှာတော့ ကမ္ဘာလုံးဆိုင်ရာဘောလုံးအားကစားဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေကို အမေရိကန်ဒေါ်လာ ၁၀ ဘီလျံ (ပေါင် ၇ဒဿမ၅ ဘီလျံ) အထိ တိုးမြှင့်ဖို့နဲ့ အဖွဲ့ဝင် ၂၁၁ နိုင်ငံကို တစ်နိုင်ငံလျှင် ဒေါ်လာ သန်း ၂၀ (ပေါင် ၁၅ သန်း) စီ တစ်လုံးတစ်ခဲတည်း ထောက်ပံ့ပေးဖို့ ရည်မှန်းထားပါတယ်။
အခုလအစောပိုင်းမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲကိုလည်း ဥရောပဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဆီဖာရင် မတက်ရောက်ဘဲ သပိတ်မှောက်ခဲ့ပြီး အခုတော့ ဖီဖာနဲ့ ယူအီးအက်ဖ်အေအကြား တင်းမာတွေ အမြင့်ဆုံးအခြေအနေအထိ ရောက်ရှိလာပါတယ်။