အင်ဖန်တီနိုရဲ့နေရာကို ဆက်ခံပြီး ဖီဖာဥက္ကဋ္ဌသစ်ဖြစ်လာဖို့ ရေပန်းစားနေတဲ့ မွန်တာဂလီယာနီ
နာမည်ပျက်နေတဲ့ ဖီဖာဥက္ကဋ္ဌအင်ဖန်တီနိုရဲ့နေရာမှာ အစားထိုးဖို့အတွက် ဗစ်တာမွန်တာဂလီယာနီက ရေပန်းအစားဆုံးအဖြစ် ထင်ကြေးပေးခံနေရပါတယ်။
ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) ကတော့ အငြင်းပွားဖွယ်ကမ္ဘာ့ဖလားစီမံကိန်းကို ပြန်လည်ရုပ်သိမ်းလိုက်မှုအပေါ် ကြိုဆိုလိုက်ပြီး ဘောလုံးလောကတစ်ခုလုံးရဲ့အောင်ပွဲလို့ တင်စားခဲ့ပါတယ်။ ဒီကိစ္စမှာ ယူအီးအက်ဖ်အေနဲ့အတူ မြောက်အမေရိကဘောလုံးအဖွဲ့ချုပ် (CONCACAF)ရော၊ အာရှဘောလုံးအဖွဲ့ချုပ်(AFC) ပါ ပူးပေါင်းကန့်ကွက်ခဲ့ကြပြီး အင်ဖန်တီနိုရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုတွေကို ခွင့်ပြုပေးဖို့ဆိုတဲ့ စိတ်ကူးအပေါ် ကမ္ဘာတစ်ဝန်းရှိ ဘောလုံးအဖွဲ့ချုပ်တွေကိုယ်တိုင် မထောက်ခံဘူးဆိုတာ သိသာသွားပါတယ်။
လတ်တလောမှာ အင်ဖန်တီနိုအတွက် ရာထူးမှနုတ်ထွက်ပေးဖို့ဆိုတဲ့ ဖိအားတွေ အကြီးအကျယ်ထွက်ပေါ်လာနေပါတယ်။ သူ့ရဲ့နာမည်ပျက်သွားတဲ့စီမံကိန်းကြောင့် သူ့အပေါ် အယုံအကြည်မရှိတော့ဘူးဆိုတဲ့ အဆိုပြုချက် (no confidence vote) နဲ့လည်း ရင်ဆိုင်ရနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။
အင်ဖန်တီနို ရာထူးမှဆင်းပေးရနိုင်ချိန် ဖီဖာဥက္ကဋ္ဌနေရာကို ဆက်ခံနိုင်မယ့်သူ ရှာတွေ့ထားပြီလို့ သတင်းထောက်ဘန်ဂျက်ကော့ဘ်က ဖွင့်ဟခဲ့ပါတယ်။ "ဗစ်တာမွန်တာဂလီယာနီသာ ဥက္ကဋ္ဌနေရာအတွက် အရွေးခံမယ်ဆိုရင် ယူအီးအက်ဖ်အေရဲ့ အားကောင်းတဲ့ထောက်ခံမှု ရရှိပါလိမ့်မယ်။ ဒီကနေဒါနိုင်ငံသားကို CONCACAF နဲ့ ယူအီးအက်ဖ်အေတို့ တိုင်ပင်ပြီး ထောက်ခံကြမယ်ဆိုရင် စုစုပေါင်း မဲ ၉၆ မဲလောက်နဲ့ အစပြုနိုင်သလို သူကိုယ်တိုင်လည်း စိတ်ဝင်စားနေတယ်လို့ သတင်းရင်းမြစ်တွေထံမှ သိရပါတယ်။ ယူအီးအက်ဖ်အေဘက်ကလည်း အင်ဖန်တီနိုအပေါ် ပေးထားတဲ့ ထောက်ခံမှုစာလွှာတွေကို အကုန်ပြန်ရုပ်သိမ်းဖို့ လုပ်ဆောင်နေပါတယ်" လို့ @talkSPORT မှာ ဖော်ပြထားပါတယ်။
ဥရောပဘောလုံးလောကက သြဇာရှိသူတချို့ကတော့ ပီအက်စ်ဂျီအသင်းဥက္ကဋ္ဌ နက်ဆာ အယ်လ်ခါလိုင်ဖီကိုလည်း ဖီဖာဥက္ကဋ္ဌနေရာအတွက် ဝင်ပြိုင်စေချင်ကြပါတယ်။ ဒါပေမဲ့ အယ်လ်ခါလိုင်ဖီရဲ့ပြောရေးဆိုခွင့်ရှိသူကတော့ အယ်လ်ခါလိုင်ဖီကိုယ်တိုင် ဖီဖာဥက္ကဋ္ဌနေရာအတွက် ရည်မှန်းချက်လုံး၀မရှိသလို၊ အစီအစဉ်လည်းမရှိ၊ စိတ်လည်းမဝင်စားဘူးလို့ အတိအလင်း တုံ့ပြန်ထားပါတယ်။
အင်ဖန်တီးနိုက လာမယ့်မတ်လအတွင်း ကျင်းပမယ့် ဖီဖာညီလာခံမှာ ဥက္ကဋ္ဌနေရာအတွက် လေးကြိမ်မြောက်အဖြစ် ဝင်ရောက်အရွေးချယ်ခံဖို့ ပြင်ဆင်နေချိန်မှာပဲ ဖိအားတွေအောက် ကျရောက်သွားပါပြီ။ တကယ်လို့သာ သူနဲ့ယှဉ်ပြိုင်မယ့်ကိုယ်စားလှယ် ပေါ်ပေါက်လာမယ်ဆိုရင် ဘောလုံးအဖွဲ့ချုပ်တွေကိုယ်တိုင် ဥက္ကဋ္ဌသစ်ကိုပဲ ရွေးချယ်သွားမယ်လို့ ယူဆရပါတယ်။