မော်ဂန်ရိုဂျာစ်နဲ့ ပယ်လ်မာတို့ကို တွဲဖက်အသုံးပြုသွားမယ့် အစီအစဉ် ရှိထားပါတယ်လို့ အလွန်ဆို ပြောကြား
ချဲလ်ဆီးနည်းပြဇာဘီအလွန်ဆိုက စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၁၇ သန်းဖြင့် ခေါ်ယူထားတဲ့ မော်ဂန်ရိုဂျာစ်ကို ကိုးလ်ပယ်လ်မာနဲ့အတူ တွဲဖက်ကစားစေဖို့အတွက် အစီအစဉ်ရှိထားတယ်လို့ ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် အသစ်ခေါ်ယူထားတဲ့ အင်္ဂလန်လက်ရွေးစင်ကစားသမားကိုယ်တိုင် အသင်းအတွက် ချက်ချင်းဆိုသလို အကျိုးသက်ရောက်မှု ရှိစေလိမ့်မယ်လို့လည်း အလွန်ဆိုက ယုံကြည်နေပါတယ်။
မော်ဂန်ရိုဂျာစ်က လွန်ခဲ့တဲ့သီတင်းပတ်၊ အက်စတွန်ဗီလာမှ စတမ်းဖို့ဒ်ဘရစ်ချ်ဆီ ပြောင်းရွှေ့လာချိန် သမိုင်းတလျှောက် ပြောင်းရွှေ့ကြေးအကြီးမားဆုံး ဗြိတိန်ကစားသမား ဖြစ်လာခဲ့ပါတယ်။ လတ်တလောမှာ အသက်-၂၄ နှစ်အရွယ်ကစားသမားက အင်္ဂလန်အသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲပါဝင်ယှဉ်ပြိုင်ပြီးနောက် အားလပ်ရက် ရရှိထားပါတယ်။ ချဲလ်ဆီးအသင်းကတော့ ဆစ်ဒနီမှာ ရာသီကြိုခြေစမ်းပွဲတွေ စတင်နေပါပြီ။
"အဲ့ဒီနေရာမှာ ကျွန်တော်တို့အတွက် အရေးပါတဲ့ ကစားသမားတစ်ဦး လိုအပ်နေပါတယ်။ မော်ဂန်ရိုဂျာစ်ထက် ပိုကောင်းတဲ့ရွေးချယ်စရာ သိပ်မရှိဘူးလို့ ကျွန်တော် သေချာပေါက် ပြောနိုင်ပါတယ်" လို့ အလွန်ဆိုက ဆိုပါတယ်။
"အသင်းကို ချက်ချင်းအကျိုးပြုနိုင်မယ့် ကစားသမားတွေ လိုအပ်ပြီး ရိုဂျာစ်အတွက်လည်း အသင်းသစ်၊ ကစားကွက်သစ်နဲ့ အသင်းဖော်တွေအကြား အသားကျဖို့ အချိန်အကြာကြီးမယူရဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်။ ထိပ်တန်းကစားသမားတစ်ဦးခေါ်ယူဖို့ဆိုတဲ့ ရည်ရွယ်ချက်အတိုင်း ရိုဂျာစ်က တကယ့်ထိပ်တန်းကစားသမားတစ်ဦး ဖြစ်ပါတယ်" လို့ သူက ဆက်ပြောပါတယ်။
အက်စတွန်ဗီလာကြယ်ပွင့်ဟောင်းက ချဲလ်ဆီးနဲ့အတူ ခြောက်နှစ်သက်တမ်းရှိစာချုပ်တစ်ရပ် ချုပ်ဆိုခဲ့ပြီး နောက်ထပ် ၁၂ လ သက်တမ်းတိုးနိုင်မယ့် အခွင့်အရေးလည်း ပါဝင်ပါတယ်။
အလွန်ဆိုကတော့ ရိုဂျာစ်ကို ရာသီကြိုလေ့ကျင့်ရေးတွေမှာ မပါဝင်နိုင်သေးပေမဲ့ အသင့်ဖြစ်နေလိမ့်မယ်လို့ အခိုင်အမာဆိုပါတယ်။ ဒါ့အပြင် သူ့ရဲ့ အင်္ဂလန်အသင်းဖော် ပယ်လ်မာနဲ့လည်း ကောင်းကောင်းတွဲဖက်ကစားနိုင်လိမ့်မယ်လို့ ယူဆနေပါတယ်။ သူတို့နှစ်ဦးလုံးကလည်း တစ်ဦးနဲ့တစ်ဦး "ဘောလုံးလောကရဲ့ အခင်ဆုံးသူငယ်ချင်းတွေ" လို့ ပြောလေ့ရှိကြသလို အတူတူ တွဲကစားချင်တယ်လို့လည်း ရိုဂျာစ်ရဲ့အဆိုအရ သိရပါတယ်။
အလွန်ဆိုက "ကျွန်တော့်မှာ အစီအစဉ်တစ်ခု ရှိပါတယ်။ သူတို့နှစ်ဦး အချိတ်အဆက်မိမိနဲ့ ကစားနိုင်မယ်ဆိုတာကို ကျွန်တော် မြင်ယောင်နေပါတယ်။ ကစားသမားတွေကို အချိုးညီညီ ပေါင်းစပ်ဖို့ လိုပါတယ်။ အဲဒီလို ထူးခြားတဲ့ ကစားသမားတွေကို မှန်ကန်တဲ့ နေရာတွေမှာ ထားပြီး ကောင်းကောင်း ထိန်းချုပ်ကစားနိုင်မယ်ဆိုရင်တော့ ဘောလုံးရထားချိန်ရော၊ ဘောလုံးဆုံးရှုံးချိန်မှာပါ ကျွန်တော်တို့အသင်း ပိုပြီး အစွမ်းထက်လာပါလိမ့်မယ်" လို့ နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။