The network connection is lost.

Banner Image

ခရစ်စတိုစ် ဇိုးလစ်ကို ခေါ်ယူလိုက်ကြောင်း အာဆင်နယ် အတည်ပြု

အာဆင်နယ်အသင်းဟာ နည်းပြ မီခေးလ် အာတီတာရဲ့ လက်အောက်မှာ နောက်ဆုံးပေါ် အသစ်စက်စက် ကစားသမားအဖြစ် ခရစ်စတိုစ် ဇိုးလစ်ကို မိတ်ဆက်ပေးလိုက်ပါပြီ။

ဇိုးလစ်ဟာ ပြီးခဲ့တဲ့ရာသီက ကလပ်ဘရုဂေးအသင်းအတွက် ပြိုင်ပွဲစုံ ၅၂ ပွဲ ကစားပေးခဲ့ရာမှာ ၂၂ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၂၉ ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့သူဖြစ်ကာ အခုအခါမှာတော့ ပြောင်းရွှေ့ကြေး ပေါင် ၃၄ သန်းဝန်းကျင်နဲ့ ဂန်းနားတို့ဆီ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

အလျင်အမြန်နှုန်း၊ ဘောလုံးဆွဲပြေးနိုင်စွမ်း၊ တီထွင်ဖန်တီးနိုင်မှုနဲ့ ဂိုးသွင်းစွမ်းရည်တွေကြောင့် လူသိများတဲ့ အသက် ၂၄ နှစ်အရွယ် ကစားသမားဟာ အင်မန်နျူရယ် ပေးတစ်၊ နာချို မွန်ရီယဲလ်နဲ့ အလက်ဆစ် ဆန်းချက်ဇ်တို့ ဝတ်ဆင်ခဲ့ဖူးတဲ့ ကျောနံပါတ် ၁၇ ကို ဝတ်ဆင်သွားမှာ ဖြစ်ပါတယ်။

ဒီပြောင်းရွှေ့မှုနဲ့ ပတ်သက်ပြီး အဆိုပါ တောင်ပံကစားသမားက အာဆင်နယ်အသင်းအပေါ် သူရဲ့ နှစ်သက်မြတ်နိုးမှုကို ဝန်ခံပြောကြားခဲ့သလို မြောက်လန်ဒန်မှာ စတင်ကစားရဖို့အတွက် မစောင့်နိုင်တော့ဘူးလို့လည်း ဆိုပါတယ်။

"ကျွန်တော်က ဘောလုံးပွဲကြည့်ရတာ ဝါသနာပါသူပါ၊ ပရီမီယာလိဂ်အကြောင်း အကုန်သိသလို အာဆင်နယ်အကြောင်းကိုလည်း အကုန်သိပါတယ်။ ဒီနှစ်ထဲမှာ ပွဲတွေ အများကြီး ကြည့်ဖြစ်ခဲ့သလို အာဆင်နယ်နဲ့လည်း ရင်ဆိုင်ကစားခဲ့ရပါတယ်။ ကျွန်တော်တို့ကွင်းမှာတင် ၃ ဂိုး - ဂိုးမရှိနဲ့ ရှုံးခဲ့တာပါ။ ကျွန်တော့်ကစားသမားဘဝမှာ ရင်ဆိုင်ခဲ့ရသမျှ အသင်းတွေထဲမှာ အာဆင်နယ်က တိုက်စစ်ဆင်ဖို့ အခက်ခဲဆုံးအသင်းလို့ ပြောလို့ရပါတယ်"

"ကျွန်တော့်ရဲ့ ရည်မှန်းချက်ကတော့ ဆုဖလားတွေ အောင်နိုင်ဖို့ပါပဲ။ လူတိုင်းမှာလည်း ဒီလိုရည်မှန်းချက်မျိုးရှိမယ်လို့ ထင်ပါတယ်၊ ဖလားတွေ တတ်နိုင်သလောက် များများရယူချင်ပါတယ်။ ပြီးတော့ အသင်းမှာ ကစားခွင့် များများရဖို့လည်း မျှော်လင့်ပါတယ်၊ ဒါဆိုရင် ကျန်တာတွေက အလိုလို ဖြစ်လာမှာပါ။ ဒါကြောင့် ကျွန်တော့်အတွက် အရေးကြီးဆုံးက အသင်းနဲ့ အမြန်ဆုံး အသားကျဖို့၊ စိတ်ခံစားမှု ကောင်းဖို့နဲ့ ကစားခွင့် များများရဖို့ပါပဲ၊ ဒါဆိုရင် အရာအားလုံး အဆင်ပြေသွားလိမ့်မယ်လို့ ယုံကြည်ပါတယ်"

"ဒီလို အံ့အားသင့်စရာကောင်းတဲ့ အသင်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခွင့်ရတဲ့အတွက် အရမ်းဂုဏ်ယူပါတယ်။ ကွင်းထဲမှာ လူတိုင်းနဲ့ တွေ့ဆုံဖို့နဲ့ အမ်းမရိတ်ကွင်းမှာ ကျွန်တော့်ရဲ့ ပထမဆုံးဂိုးကို သွင်းယူနိုင်ဖို့ စောင့်မျှော်နေပါတယ်" လို့ ၎င်းက ပြောကြားခဲ့ပါတယ်။

ဇိုးလစ်ဟာ အခုနွေရာသီမှာ နည်းပြအာတီတာ ခေါ်ယူထားတဲ့ ပီယာရို ဟင်ကာပီယေးနဲ့ လိဒ်ယူနိုက်တက်ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့ ဂိုးသမား အီလန် မက်စလီယာတို့ပြီးရင် အာဆင်နယ်ရဲ့ အသစ်စက်စက် ခေါ်ယူမှုလည်း ဖြစ်ပါတယ်။