The network connection is lost.

Banner Image

နော်တင်ဟမ်ဖောရက်စ်ရဲ့ ရာသီကြိုနိုင်ပွဲအပြီး အသင်းသားတွေအပေါ် ယုံကြည်မှုတိုးလာတယ်လို့ ဂလက်စနာဆို

ဘလက်ဘန်းအသင်းကို ၃-၀ ဂိုးဖြင့်အနိုင်ယူခဲ့တဲ့ ရာသီကြိုခြေစွမ်းပွဲစဉ်ကြောင့် အသင်းကစားသမားတွေနဲ့ သူ့အကြား ယုံကြည်မှုတည်ဆောက်ရာမှာ အထောက်အကူ ဖြစ်လိမ့်မယ်လို့ နော်တင်ဟမ်ဖောရက်စ်နည်းပြအိုလီဗာဂလက်စ်နာက ယုံကြည်နေပါတယ်။

နော်တင်ဟမ်ဖောရက်စ်အသင်းက ပြီးခဲ့တဲ့စနေနေ့မှာ နော့တန်ကောင်တီအသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ယူခဲ့သလို အခုလည်း ပေါ်တူဂီနိုင်ငံ၊ အယ်လ်ဂါဗေးဒေသရဲ့ ပူပြင်းတဲ့ရာသီဥတုအောက်မှာ အပြင်းအထန်လေ့ကျင့်နေရပေမဲ့ နောက်ထပ်ခြေစွမ်းကောင်းတစ်ခုကို ထပ်မံပြသနိုင်ခဲ့ပါတယ်။

အီဂေါဂျီးဆပ်စ်က နှစ်ပွဲဆက်အဖြစ် အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့သလို ဒုတိယပိုင်းပြန်စတင်ချိန်မှာပဲ ကာလီမန်ဒိုက ဒုတိယဂိုးသွင်းယူခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အဝိုနီယီက အပိတ်ဂိုးသွင်းယူပြီး ဂလက်စ်နာရဲ့အသင်းအတွက် ရလဒ်ကောင်းတစ်ခု ဖော်ဆောင်ပေးခဲ့ပါတယ်။

"နောက်ထပ် ကောင်းမွန်တဲ့ စမ်းသပ်မှုတစ်ခုပါပဲ။ ကစားသမားတွေရဲ့ကြိုးစားမှုကို ချီးကျူးရမှာဖြစ်သလို လှပတဲ့ သွင်းဂိုးတွေလည်း ရခဲ့ပါတယ်။ ရာသီကြိုခြေစမ်းပွဲပဲ ဆိုပေမဲ့ ချန်ပီယံရှစ်ကလပ်အသင်းတစ်ခုကို ၃-၀ ဂိုးဖြင့် အနိုင်ယူတယ်ဆိုတာ အမြဲတမ်းလိုလို အပေါင်းလက္ခဏာဆောင်ပါတယ်" လို့ ဂလက်စ်နာက နော်တင်ဟမ်ဖောရက်စ်အသင်းဝက်ဘ်ဆိုဒ်ဆီ ပြောပါတယ်။

"ပွဲထဲမှာ ကောင်းမွန်တဲ့အချက်တွေ အများကြီးတွေ့ခဲ့ရသလို ရှေ့လာမယ့် ရက်တွေ၊ စသီတင်းပတ်တွေမှာ ဘာတွေကို ဆက်ပြီး ပြုပြင်ရမလဲဆိုတာကိုလည်း သိခဲ့ရပါတယ်။ နိုင်ပွဲရတာရော၊ ပေးဂိုးမရှိတာကြောင့်ပါ အသင်းကစားသမားတွေကို ယုံကြည်မှု ပိုရရှိလာစေပါတယ်" လို့ သူက ဆိုပါတယ်။

ဒါ့အပြင် "ကျွန်တော်တို့ဆီမှာ တိုက်စစ်ကစားသမားတွေ အများကြီးရှိပြီး ပြိုင်ဘက်အတွက် အန္တရာယ်ရှိစေမယ့်နေရာတွေဆီ သူတို့ကို ရောက်စေချင်ပါတယ်။ အခွင့်အရေးတွေ အများကြီးဖန်တီးနိုင်ခဲ့သလို လှပတဲ့သွင်ဂိုးသုံးဂိုးလည်း ရခဲ့ပါတယ်။ တိုက်စစ်မှူးတွေကို အဲဒီလိုနေရာတွေမှာ ပိုပြီးနေရာယူဖို့ တိုက်တွန်းထားပြီး ဒီနေ့မှာတော့ ဒါက အလုပ်ဖြစ်ခဲ့ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

"ယမန်နေ့မှာ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်လုပ်ထားရလို့ ဘယ်ကစားသမားကိုမှ ၄၅ မိနစ်ထက် ပိုမကစားခိုင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကစားသမားတွေရဲ့စိတ်ဓာတ်ပိုင်းနဲ့ ကြံ့ခိုင်မှုကတော့ တကယ်ကို ကောင်းမွန်ပါတယ်" လို့လည်း သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

"လေ့ကျင့်ရေးစခန်းရဲ့ပထမပိုင်းကတော့ တကယ်ကို အားရစရာပါ။ အခုတော့ ကျွန်တော်တို့ ဘယ်လိုကစားမလဲဆိုတဲ့ အသေးစိတ်အချက်အလက်တွေကို ပြင်ဆင်ရပါတော့မယ်။  Vitória S.C. နဲ့ပွဲမှာတော့ မိနစ် ၆၀ စီ နှစ်ပိုင်း ကစားသွားမှာဖြစ်ပြီး ပွဲတိုင်းမှာ ကြံ့ခိုင်မှု ပိုတိုးလာအောင် လုပ်သွားရပါမယ်" လို့ ဂလက်စ်နာက နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။