မန်စီးတီးကခေါ်ယူခဲ့တဲ့ အန်ဒါဆန်ကို ယူနိုက်တက်အနေနဲ့ အပြိုင်လိုက်ခဲ့သင့်တယ်လို့ဆိုလာတဲ့ ရော့ဘ်ဆင်
မန်ချက်စတာယူနိုက်တက် ဂန္ထဝင်ကစားသမား ဘရိုင်ယန်ရော့ဘ်ဆင်က အီလီယော့အန်ဒါဆန်ကို ခေါ်ယူဖို့အတွက် မန်ယူအသင်းအနေနဲ့ ငွေအမြောက်အမြား အကုန်အကျခံခဲ့သင့်တယ်လို့ ပြောလိုက်ပါတယ်။
အန်ဒါဆန်ဟာ ဒီနွေရာသီမှာ နော်တင်ဟမ်ဖောရက်စ်အသင်းကနေ မန်စီးတီးကို ပေါင် ၁၁၆ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက် သမိုင်းတစ်လျှောက် ဈေးအအကြီးဆုံး ဗြိတိန်ကစားသမား ဖြစ်လာခဲ့ပါတယ်။
အသက် ၂၃ နှစ်အရွယ် ဒီကွင်းလယ်လူဟာ ပြီးခဲ့တဲ့ရာသီက နိုင်ငံအတွင်းမှာ အလိုရှိဆုံး ကစားသမားတစ်ယောက် ဖြစ်ခဲ့ပြီး ရာသီသစ်မှာတော့ နည်းပြသစ် အန်ဇိုမာရက်စကာရဲ့ လက်အောက်မှာ မန်စီးတီးရဲ့ ကွင်းလယ်ပိုင်းကို ပြောင်းလဲပေးနိုင်ဖို့ ကြိုးစားသွားမှာပါ။
မန်စီးတီးဟာ သူတို့အလိုရှိတဲ့ ကစားသမားတွေကို ရဖို့အတွက် ငွေပုံအောသုံးဖို့ ဝန်မလေးတတ်တဲ့ အသင်းဖြစ်ပြီး Hajper နဲ့ အင်တာဗျူးမှာတော့ ရော့ဘ်ဆင်က မန်ယူအသင်းအနေနဲ့လည်း ဆုဖလားတွေ ပြန်ရချင်ရင် အလားတူ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ယုံကြည်နေပါတယ်။
"မန်စီးတီးက အန်ဒါဆန်အတွက် ဈေးတွေအများကြီး ပေးလိုက်ရတာလား။ အခုခေတ် ဘောလုံးလောကမှာတော့ ပေးသင့်ပေးထိုက်တာကို ပေးရမှာပါပဲ။ သူက တကယ့်တန်ကြေးထက် အများကြီး ပိုများနေတယ်လို့ ကျွန်တော်တို့အားလုံး ထင်ကြပေမဲ့ ကမ္ဘာတစ်ဝန်းမှာ အန်ဒါဆန်လို ကစားသမားတွေအတွက် ဒီလောက်အထိ ငွေပုံအောပေးနေကြတာပါ။ ဒါကြောင့် အကောင်းဆုံး ကစားသမားတွေကို လိုချင်တယ်ဆိုရင်တော့ ရောင်းချတဲ့ကလပ်က တောင်းဆိုတဲ့ ဈေးနှုန်းအတိုင်း ပေးရမှာပါပဲ" လို့ ၎င်းက ဆိုပါတယ်။
"အန်ဒါဆန်ကို မန်ယူကို လာစေချင်ခဲ့တာ။ ဘာလို့လဲဆိုတော့ ဒီနွေရာသီမှာ ကျွန်တော်တို့အသင်းက ကစားသမားအတော်များများကို လက်လွှတ်ရတော့မယ့်ပုံပေါ်နေလို့ပါ။ လစာပေးချေရမှုတွေ လျော့ကျသွားမယ်၊ ငွေအနည်းငယ် ပြန်ရလာမယ်၊ ပြီးတော့ ချန်ပီယံလိဂ်ကနေရတဲ့ ဝင်ငွေတွေလည်း ရှိနေတာပဲ။ ဒါပေမဲ့ အန်ဒါဆန်က မန်စီးတီးအတွက်တော့ ကစားသမားကောင်း တစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်"။
"ထိပ်တန်းအဆင့် ကစားသမားတွေ ရနိုင်တဲ့အခါမျိုးမှာ စွန့်စားပြီးတော့ အရခေါ်သင့်ပါတယ်။ မန်ယူက ထိပ်တန်းအဆင့် မဟုတ်သေးတဲ့ ကစားသမားတွေအတွက် ပေါင် သန်း ၆၀၊ သန်း ၈၀ တွေ ပေးပြီး ခေါ်ခဲ့ဖူးပေမဲ့ တကယ်တမ်းမှာ အလုပ်မဖြစ်ခဲ့ပါဘူး" လို့ ဆက်ပြောခဲ့ပါတယ်။
အန်ဒါဆန်ဟာ ပက်ဂွါဒီယိုလာအလွန် မန်စီးတီးအသင်းရဲ့ ပထမဆုံး အဓိက ခေါ်ယူမှု ဖြစ်လာမှာဖြစ်ပြီး ပရိသတ်တွေကတော့ အသင်းအနေနဲ့ ချန်ပီယံဆုအတွက် ဆက်လက် စိန်ခေါ်နိုင်မလားဆိုတာကို စောင့်ကြည့်ဖို့ စိတ်အားထက်သန်နေကြပါတယ်။