ရေသောက်နားချိန်အပေါ် လူကြိုက်မများမှုကို လက်ခံပြီး ဖီဖာကိုယ်တိုင် ပြန်လည်သုံးသပ်သွားမယ်လို့ ဝင်းဂါးပြောဆို
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စတင်ကျင့်သုံးခဲ့တဲ့ ရေသောက်နားချိန် (hydration breaks)အပေါ် လူကြိုက်မများဘူးဆိုတာကို အာစင်ဝင်းဂါးက ဝန်ခံလိုက်ပြီး ပြိုင်ပွဲကာလအပြီး ပြန်လည်သုံးသပ်သွားမယ်လို့ ဆိုပါတယ်။
ဖီဖာက အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတွေရှိ ကွင်းတွေမှာကစားတဲ့ ပွဲစဉ်တိုင်းအတွက် ရာသီဥတုအခြေအနေ ဘယ်လိုပဲ ရှိပါစေ၊ ကွင်းတွင်းရေသောက်နားချိန် သုံးမိနစ်
မဖြစ်မနေပေးရမယ်လို့ သတ်မှတ်ထားပါတယ်။
ဖီဖာကတော့ ကစားသမားတွေရဲ့ကျန်းမာရေးအတွက် ရည်ရွယ်လုပ်ဆောင်တယ်လို့ ပြောပေမဲ့ ဝေဖန်သူတွေကတော့ ရုပ်သံလိုင်းတွေအတွက် ကြော်ငြာဝင်ငွေရရှိအောင် ပြုလုပ်တယ်ဆိုပြီး ထောက်ပြကြပါတယ်။
ဖီဖာရဲ့ကမ္ဘာလုံးဆိုင်ရာဘောလုံးဖွံ့ဖြိုးတိုးတက်ရေးအကြီးအကဲ၊ အာဆင်နယ်နည်းပြဟောင်း ဝင်းဂါးက "တခါတလေ လူတွေက ဒါကို သဘောမကျကြဘူး" လို့ ပြောပြီး ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ရေသောက်နားချိန်ရဲ့အကျိုးသက်ရောက်မှု ဘယ်လိုရှိသလဲဆိုတာ ဆန်းစစ်သွားမယ်လို့ ဆိုပါတယ်။
"ပွဲရလဒ်တွေအပေါ်မှာတော့ သက်ရောက်မှုရှိတယ်လို့ ကျွန်တော် မထင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့က ဘောလုံးပွဲကြည့်တဲ့ပရိသတ်တွေအတွက် အလုပ်လုပ်နေတာဆိုတော့ နောက်မှပဲ အဖြေထုတ်သွားပါမယ်" လို့ သူက ဆက်ပြောပါတယ်။
"အမိုးပါတဲ့ ကွင်းတွေမှာဆိုရင် လူတွေက ရေသောက်နားချိန်ကို ပိုပြီး သဘောမကျကြပါဘူး။ ဒါပေမဲ့ ပြိုင်ပွဲစကတည်းက ပွဲတိုင်းအတွက်လုပ်ပေးဖို့ ဆုံးဖြတ်ထားခဲ့ပါတယ်" လို့လည်း သူက ရှင်းပြပါတယ်။
ပြိုင်ပွဲတွေရှည်ကြာလာချိန် ပွဲချိန်မကြာခဏရပ်နားရမှုကို စိတ်ပျက်လာတဲ့ ပရိသတ်တွေက ရေသောက်နားချိန်ပေးတိုင်း လှောင်ပြောင်လာကြပါတယ်။
BBC Sport နဲ့တွေ့ဆုံခဲ့တဲ့ ပညာရှင်တွေရဲ့အဆိုအရ Fox Sports မှာ ကမ္ဘာ့ဖလားပွဲစဉ်ရဲ့ ကြော်ငြာစက္ကန့် ၃၀ စာအတွက် ပုံမှန်အားဖြင့် ဒေါ်လာနှစ်သိန်းမှ ငါးသိန်းအကြား ကျသင့်ပြီး အမေရိကန်အသင်းပွဲစဉ်တွေနဲ့ ပြိုင်ပွဲရဲ့နောက်ဆုံးအဆင့်ပွဲစဉ်တွေမှာဆိုရင် ဒေါ်လာခုနစ်သိန်းခွဲအထိ စျေးတက်သွားတယ်လို့ ဆိုပါတယ်။
ဒီနားချိန်တွေက နည်းပြတွေအတွက်တော့ သူတို့ရဲ့ကစားသမားတွေကို နည်းဗျူဟာပိုင်း ပြောင်းလဲဖို့အတွက် မှာကြားနိုင်တဲ့ အချိန်ကောင်းတွေ ဖြစ်ခဲ့ပါတယ်။
ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) ကတော့ ဒီလိုနားချိန်မျိုး အသုံးမပြုဖို့ ဆုံးဖြတ်ထားသလို အင်္ဂလန်နည်းပြသောမတ်စ်တူချယ်ကိုယ်တိုင်လည်း ဘဝင်မကျဘဲ ဘောလုံးပြိုင်ပွဲရဲ့သဘာ၀ကို ပျက်ပြားစေတယ်လို့ ပြိုင်ပွဲအစောပိုင်းမှာ ပြောဖူးပါတယ်။
စပိန်နည်းပြဒီလာဖွန်တေကတော့ "ကျွန်တော်က ကစားသမားတွေရဲ့ကျန်းမာရေးကို အမြဲဦးစားပေးပါတယ်။ ခေတ္တခဏနားပြီး အားအင်ပြန်ဖြည့်တယ်ဆိုတာ မှန်ကန်တဲ့လုပ်ရပ်ပါ" ဆိုပြီး ပြီးခဲ့တဲ့လအတွင်း ထောက်ခံပြောဆိုခဲ့ပါတယ်။
တဖက်မှာလည်း ဝင်းဂါးက ကမ္ဘာ့ဖလားကို ပြိုင်ပွဲဝင် ၃၂ သင်းမှ ၄၈ သင်းအထိ တိုးမြှင့်ကျင်းပနိုင်မှုကို အောင်မြင်မှုတစ်ခုအဖြစ် သတ်မှတ်ခဲ့ပါတယ်။
"မစခင်မှာတော့ ဒါနဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေ ရှိခဲ့ပေမဲ့ အသင်းတွေအများကြီးကို အခွင့်အရေးပေးဖို့ လိုအပ်တယ်ဆိုတာ ကျွန်တော်တို့ တွေ့ရှိခဲ့ပါတယ်။ ဒါက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်သလို အောင်မြင်မှုလည်း ရခဲ့ပါတယ်" လို့ သူက နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။