၂၀၃၀ ကမ္ဘာ့ဖလားမှာ ပြိုင်ပွဲဝင်အသင်းအရေအတွက် ထပ်မံတိုးမြှင့်ဖို့ ဖီဖာ စဉ်းစားနေတယ်လို့ အင်ဖန်တီနိုထုတ်ဖော်ပြောကြား
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ဥက္ကဋ္ဌအင်ဖန်တီနိုက ၂၀၃၀ ပြည့်နှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြိုင်ပွဲဝင်အသင်း ၆၄ ခုအထိ တိုးမြှင့်သွားနိုင်မယ့် အစီအစဉ်ကို စတင်လေ့လာနေပြီလို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့နောက်ဆုံးအဆင့်ပွဲစဉ်တွေမတိုင်ခင် ဘောလုံးလောကရဲ့အမြင့်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ ဖီဖာရဲ့ အကြီးအကဲက နောက်ထပ်ပြိုင်ပွဲဝင်အသင်း ၁၆ ခု ထပ်တိုးမြှင့်နိုင်မယ့်ကိစ္စကို အတွင်းရေးကော်မတီတွေမှာ တရားဝင်ဆွေးနွေးသွားမယ်လို့ အတည်ပြုခဲ့ပါတယ်။
တောင်အမေရိကဘောလုံးလောကခေါင်းဆောင်တွေရဲ့ အကြံပြုချက်ကြောင့် ပြိုင်ပွဲကျင်းပနေချိန်အတွင်းမှာတင် အခုလိုအဆိုပြုချက် ထွက်ပေါ်လာပြီး လေးနှစ်တစ်ကြိမ်ကျင်းပတဲ့ ဒီပြိုင်ပွဲကြီးကို အခုထက်ပိုမိုကြီးကျယ်ခမ်းနားလာအောင် လမ်းစခင်းပေးလိုက်မှုလည်း ဖြစ်ပါတယ်။
ဖီဖာဥက္ကဋ္ဌက ပြိုင်ပွဲအသင်းထပ်မံတိုးမြှင့်မယ့်ကိစ္စကို သူတို့ရဲ့ဆွေးနွေးမှုအစီအစဉ်ထဲမှာ ထည့်သွင်းထားတယ်လို့ ပြတ်ပြတ်သားသားပြောဆိုခဲ့ပါတယ်။
ဆွစ်ဇာလန်အခြေစိုက်သတင်းမီဒီယာ Bluewin နဲ့ အင်တာဗျူးမှာ အင်ဖန်တီနိုက ဒီအကြောင်းအရာကို တရားဝင်ဆွေးနွေးဖို့ စားပွဲပေါ်ရောက်နေပြီလို့ ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်။ "ဒါက အခုကမ္ဘာ့ဖလားပြီးတာနဲ့ သက်ဆိုင်ရာကော်မတီတွေမှာ သေသေချာချာစစ်ဆေးဆွေးနွေးသွားမယ့် ကိစ္စတစ်ခုပါပဲ" လို့ သူက ဆိုပါတယ်။
အင်ဖန်တီနိုကတော့ အခုလိုအသင်းတွေအများကြီးတိုးမြှင့်မယ့်အစီအစဉ်ကို အခိုင်အမာ ကာကွယ်ပြောဆိုခဲ့ပြီး ကမ္ဘာ့ဖလားဆိုတာ "ဥရောပနဲ့ တောင်အမေရိကအတွက်တင် မကဘဲ တစ်ကမ္ဘာလုံးနဲ့လည်း သက်ဆိုင်ပါတယ်" လို့ အလေးပေးပြောကြားခဲ့ပါတယ်။
သူ့ရဲ့အမြင်မှာတော့ ကမ္ဘာတစ်ဝန်းဘောလုံးအားကစားတိုးတက်ဖို့ဆိုရင် အခုလို အသင်းတွေ တိုးချဲ့ဖို့ဆိုတာ အရမ်းအရေးကြီးနေပါတယ်။ "နိုင်ငံတိုင်းက ကမ္ဘာ့ဖလားမှာ ပါဝင်ခွင့်ရဖို့ အိပ်မက်မက်ခွင့် ရှိရပါမယ်" လို့ သူက ဆိုပါတယ်။ "နိုင်ငံငယ်လေးတွေကို ပါဝင်ခွင့် မပေးဘူးဆိုရင် သူတို့တွေ ပိုကောင်းအောင် ကြိုးစားဖို့အတွက် တွန်းအား မရှိလာနိုင်ပါဘူး" လို့လည်း အင်ဖန်တီနိုက ထပ်လောင်းပြောပါတယ်။
၂၀၃၀ ပြည့်နှစ်အတွက် အခုလိုဆွေနွေးမှုတွေက သမိုင်းတလျှောက်အကြီးကျယ်ဆုံးဖြစ်လာခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးပြီးဆုံးခါနီးအချိန်မှာ ထွက်ပေါ်လာပါတယ်။
အငြင်းပွားစရာအများကြီးရှိခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကိုတော့ ၁၉၉၈ ခုနှစ်ကတည်းက ကျင့်သုံးလာတဲ့ ပြိုင်ပွဲအသင်း ၃၂ ခုအစား ၄၈ ခုအထိ ပထမဆုံးအကြိမ် တိုးမြှင့်ကျင်းပခဲ့ပါတယ်။
ကစားသမားတွေရဲ့ပွဲပန်းမှုနဲ့ ပြိုင်ပွဲအရည်အသွေးကျဆင်းသွားနိုင်မှုကို အစောပိုင်းမှာ စိုးရိမ်ခဲ့ကြပေမဲ့ အခုလိုအသွင်သစ်ကျင်းပနိုင်ခြင်းကိုပင် အောင်မြင်မှုအဖြစ် ဖီဖာကိုယ်တိုင် ရှုမြင်နေပါတယ်။
ဒီပြိုင်ပွဲမှာ အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါတို့က အိမ်ရှင်အဖြစ် ပွဲစဉ် ၁၀၄ ခုအထိ လက်ခံကျင်းပခဲ့ပြီး စိတ်လှုပ်ရှားစရာဖြစ်ရပ်တွေနဲ့အတူ ကွင်းတွင်းပရိသတ်ဝင်ရောက်မှုနှုန်းလည်း စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။
အခုလိုအခြေအနေကောင်းတွေကြောင့် ဖီဖာခေါင်းဆောင်တွေက ပြိုင်ပွဲအသင်း ၆၄ ခုအထိ တိုးမြှင့်သွားဖို့ ယုံကြည်မှု ပိုရှိလာပါတယ်။ ဒါက အတိတ်မှာကျင်းပခဲ့တဲ့ ပြိုင်ပွဲအရွယ်အစားထက် နှစ်ဆလောက်ကြီးမားလာမယ့် ပုံစံမျိုး ဖြစ်ပါတယ်။