တိုင်လီမန်းစ် နေရာမှာ ပေါင် ၃၈ သန်းတန်ကစားသမားနဲ့ အစားထိုးဖို့ပြင်ဆင်နေတဲ့ အက်စတွန်ဗီလာ
အက်စတွန်ဗီလာအသင်းဟာ ယူရီ တီလီမန်းစ်ရဲ့ နေရာမှာ အစားထိုးဖို့ ဝုလ်ဗ်အသင်းရဲ့ ကြယ်ပွင့်ကစားသမား ဂျာအို ဂိုးမက်စ်ကို ပေါင် ၃၈ သန်းနဲ့ ခေါ်ယူဖို့ အလျင်အမြန် ကြိုးပမ်းနေပြီး အပြောင်းအရွှေ့ကလည်း အပြီးသတ်ဖို့ အခြေအနေကောင်းနေပါတယ်။
တိုင်လီမန်းစ်ကတော့ သူ့ရဲ့ စာချုပ်ပါ လျော်ကြေးစာချုပ်ဖြစ်တဲ့ ပေါင် ၃၅ သန်းကို ပေးချေခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဆီကို အံ့အားသင့်ဖွယ် ပြောင်းရွှေ့သွားခဲ့သလို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒူးအရွတ်ပြတ်ဒဏ်ရာ (ACL) ရရှိခဲ့တဲ့ အာမာဒူ အိုနာနာကိုလည်း ၂၀၂၇ ခုနှစ်အထိ ဗီလာအသင်းက လက်လွှတ်ရတော့မှာ ဖြစ်ပါတယ်။
ဒီအခြေအနေတွေကြောင့် နည်းပြ အူနိုင်း အမ်မရီရဲ့ အပြောင်းအရွှေ့ အစီအစဉ်တွေမှာ အခက်တွေ့ခဲ့ရပြီး သူဟာ ဖရိုင်းဘတ်အသင်းကနေ ဆွစ်ဇာလန် လက်ရွေးစင် ဂျိုဟန် မန်ဇမ်ဘီကို အသင်းစံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ ကျော်နဲ့ ခေါ်ယူဖို့လည်း အနီးစပ်ဆုံး အခြေအနေမှာ ရှိနေပါတယ်။ လာမယ့် ရာသီသစ်အတွက် ဂိုးမက်စ်နဲ့ မန်ဇမ်ဘီတို့ရဲ့ ကွင်းလယ်အတွဲအဖက်က အသင်းကို အင်အားအသစ်တွေ ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။
ဂိုးမက်စ်ဟာ ပြီးခဲ့တဲ့ မေလမှာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားခဲ့တဲ့ ဝုလ်ဗ်အသင်းနဲ့အတူ ထိပ်တန်းလိဂ်မှာ သုံးနှစ်ခွဲကြာ ကစားခဲ့တဲ့ အတွေ့အကြုံရှိသူလည်း ဖြစ်ပါတယ်။ အဲဒီ ဘရာဇီးလ် လက်ရွေးစင် ကစားသမားကို အက်သလက်တီကို မက်ဒရစ်အသင်းကလည်း စိတ်ဝင်စားခဲ့ပေမဲ့ တရားဝင် ကမ်းလှမ်းမှု မလုပ်နိုင်ခဲ့တာကြောင့် ဗီလာအသင်းက ကြားဖြတ်ခေါ်ယူခဲ့တာပါ။
ဂိုးမက်စ်ဟာ အပြောင်းအရွှေ့ကိစ္စတွေ အပြီးသတ်ဖို့ ပေါ်တူဂီနိုင်ငံမှာရှိတဲ့ ဝုလ်ဗ်အသင်းရဲ့ လေ့ကျင့်ရေးစခန်းကနေ ထွက်ခွာခွင့် ရရှိထားပြီး သြဂုတ်လအစောပိုင်းမှာ ပြုလုပ်မယ့် ဗီလာအသင်းရဲ့ အာရှခြေစမ်းပွဲစဉ်တွေမှာ ပါဝင်နိုင်ဖို့အတွက် အချိန်မီ ခေါ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။