ဂျူဗင်တပ်စ်အသင်းဆီ ပြောင်းရွှေ့နိုင်ဖို့ ကြိုးပမ်းနေတဲ့ အာဂျင်တီးနားဂိုးသမား မာတီနက်ဇ်
အာဂျင်တီးနားအသင်းနဲ့ အက်စတွန်ဗီလာအသင်းရဲ့ ဂိုးသမား အယ်မီ မာတီနက်ဇ်ဟာ ဂျူဗင်တပ်စ်အသင်းဆီ ပြောင်းရွှေ့နိုင်ဖို့အတွက် အစွမ်းကုန် ကြိုးစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ La Gazzetta dello Sport ရဲ့ ဖော်ပြချက်အရ အသက် ၃၃ နှစ်အရွယ် မာတီနက်ဇ်နဲ့ အက်စတွန်ဗီလာအသင်းတို့ကြား ဆက်ဆံရေးဟာ အဆုံးသတ်ရမယ့် အခြေအနေကို ရောက်ရှိနေပြီလို့ သိရပါတယ်။ ဒီဂိုးသမားဟာ ဒီနွေရာသီမှာ ဂျူဗင်တပ်စ်အသင်းဆီ ပြောင်းရွှေ့ဖို့ သတင်းတွေ အပြင်းအထန် ထွက်ပေါ်နေပေမဲ့ ဗီလာအသင်းဘက်ကတော့ မာတီနက်ဇ်ကို လက်လွှတ်ဖို့ ဝန်လေးနေပါတယ်။ အသင်းရဲ့ အဲဒီလို ရပ်တည်ချက်ကြောင့် မာတီနက်ဇ်ဟာ စိတ်ပျက်နေပြီး အသင်းကနေ ထွက်ခွာခွင့်ရဖို့အတွက် အက်စတွန်ဗီလာအသင်းနဲ့ ထိပ်တိုက်ရင်ဆိုင်သွားဖို့အထိ ဆုံးဖြတ်ထားပါတယ်။ ၂၀၂၀ ခုနှစ်မှာ ပေါင်သန်း ၂၀ နဲ့ အက်စတွန်ဗီလာကို ရောက်ရှိလာခဲ့ပြီး ၂၀၂၉ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေတဲ့ မာတီနက်ဇ်ဟာ ဗီလာပတ်ခ်ကွင်းကနေ ထွက်ခွာချင်တယ်ဆိုတဲ့အကြောင်း သူ့ရဲ့ ကိုယ်စားလှယ်တွေကို ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ။ ဂျူဗင်တပ်စ်အသင်းကတော့ ဒီအခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး မာတီနက်ဇ်ဟာ သူတို့ရဲ့ အဓိက ပစ်မှတ်ဖြစ်ပေမဲ့ တော့တင်ဟမ်ဂိုးသမား ဂူဂလီယဲလ်မို ဗီကာရီယိုနဲ့လည်း ဆက်သွယ်မှုတွေ ပြုလုပ်ထားပါတယ်။