The network connection is lost.

Banner Image

ပြင်သစ်ကို အနိုင်ယူဖို့ စပိန်မှာ အရည်အသွေးအပြည့်ရှိတယ်လို့ ရိုဒရီ ယုံကြည်နေ

ဒဲလ်လက်စ်မှာ ကစားမယ့် ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပြင်သစ်အသင်းကို အနိုင်ယူသွားနိုင်မယ်လို့ စပိန်အသင်းခေါင်းဆောင်ရိုဒရီ ယုံကြည်နေပါတယ်။

မန်စီးတီးကွင်းလယ်လူက မကြာသေးခင်ကာလအတွင်း ပြင်သစ်အသင်းကို အနိုင်ရရှိခဲ့တဲ့ ရလဒ်တွေကြောင့် ယုံကြည်မှုရှိနေပြီး စပိန်အသင်းကို ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း၊ ပထမဆုံးအကြိမ်ကမ္ဘာ့ဖလားဗိုလ်လုပွဲဆီ ပို့ဆောင်ပေးနိုင်မယ်လို့ ယူဆနေပါတယ်။

ပြိုင်ပွဲမှာဗိုလ်စွဲဖို့ဖို့ ရေပန်းအစားဆုံးဖြစ်တဲ့ ပြင်သစ်အသင်းကို သူတို့အသင်း ထိတ်လန့်ကြောက်ရွံ့နေစရာ မရှိဘူးလို့လည်း ရိုဒရီက အခိုင်အမာပြောပါတယ်။ အတိတ်မှာလည်း နည်းပြဒက်စ်ချမ့်စ်ရဲ့အသင်းကို အနိုင်ယူခဲ့ဖူးလို့ စပိန်အသင်းအတွက် ထိပ်တန်းအဆင့်တွေမှာ ယှဉ်ပြိုင်နိုင်စွမ်းရှိတယ်ဆိုတဲ့အချက်ကို သက်သေပြနေတယ်လို့ သူက ထောက်ပြပါတယ်။

"ပြင်သစ်က ဒီပြိုင်ပွဲမှာ အကောင်းဆုံးအသင်းတွေအနက် တစ်သင်းဖြစ်သလို ခြေစွမ်းကောင်းတွေ ဆက်တိုက်ပြသနေပါတယ်။ ဒါပေမဲ့ စပိန်လည်း အလားတူပါပဲ။ ကျွန်တော်တို့ သူတို့ကို အနိုင်ယူနိုင်ပါတယ်။ ယူရိုနဲ့ နေရှင်းလိဂ်ပြိုင်ပွဲတွေမှာ ဒါကို တွေ့ခဲ့ပြီးပါပြီ" လို့ ရိုဒရီက မီဒီယာတွေကို ပြောပါတယ်။

ဒါ့အပြင် ရိုဒရီက ကစားသမားဘ၀သက်တမ်းတလျှောက် ပြင်သစ်အသင်းကို အကြိမ်ကြိမ်အနိုင်ရရှိခဲ့ဖူးတဲ့ အတွေ့အကြုံကြောင့် အခုလိုယုံကြည်မှုအားကောင်းနေခြင်း ဖြစ်ပါတယ်။

သူက ပြင်သစ်အသင်းကို ရင်ဆိုင်ပြီး အနိုင်ရရှိခဲ့တဲ့ ၂၀၁၅ ခုနှစ် ယူ-၁၉ ဥရောပချန်ပီယံရှစ် ဆီမီးဖိုင်နယ်၊ ယူရို-၂၀၂၄ ဆီမီးဖိုင်နယ်နဲ့ ပြီးခဲ့တဲ့နွေရာသီနေရှင်းလိဂ်ပွဲစဉ်တွေအတွက် စပိန်အသင်းမှာ ပါဝင်ခဲ့ပါတယ်။

"နည်းပြလူးဝစ်ဒီလာဖွန်တေကတော့ အရင်အတိုင်းပါပဲ၊ ဘာမှမပြောင်းလဲသွားဘူး" လို့ သူ့ကို အချိန်အကြာကြီးလေ့ကျင့်ပေးခဲ့တဲ့နည်းပြနဲ့ပတ်သက်လို့ ရိုဒရီက ပြောပါတယ်။

"အဲဒီအချိန်ကတည်းက သူက အခုကျွန်တော်တို့ မြင်နေရတဲ့ အရာအားလုံးကို စတင်ပုံဖော်ခဲ့ပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ဖလားပွဲစဉ်တွေကတော့ တစ်မျိုးစီပါပဲ။ ဒီပွဲက အရင်ပွဲတွေလိုမျိုး အပြန်အလှန်ထိုးဖောက်တိုက်စစ်ဆင်ကစားကြမယ်လို့ ကျွန်တော် မထင်ပါဘူး" လို့ သူက နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။