ယာဂန်ကလော့ပ်နေရာမှာ အစားထိုးဖို့ မားကပ်စ်ခရော့ရှ်နဲ့ သီယာရီအွန်နရီတို့ကို Red Bull ပစ်မှတ်ထား
ဂျာမနီအသင်းနည်းပြသစ်ဖြစ်လာဖို့ သေချာသလောက်ဖြစ်နေတဲ့ ယာဂန်ကလော့ပ်ရဲ့နေရာမှာ အစားထိုးဖို့ Red Bull ကုမ္ပဏီက သူတို့ရဲ့ "ကမ္ဘာလုံးဆိုင်ရာ ဘောလုံးအကြီးအကဲ" ရာထူးနေရာအတွက် လူသစ်ရှာဖွေနေပါတယ်။
Sport Bild သတင်းစာရဲ့အဆိုအရ ဒီရာထူးအတွက် ရေပန်းအစားဆုံးသူကတော့ ဖရန့်ဖတ်အသင်းရဲ့အားကစားဒါရိုက်တာ မားကပ်စ်ခရော့ရှ် ဖြစ်ပါတယ်။ ခရော့ရှ်က ဘောလုံးလောကမှာ လူသိများဝင်ဆံ့သလို ကစားသမားကောင်းတွေကို ရှာဖွေနိုင်စွမ်းနဲ့ အပြောင်းအရွှေ့ပိုင်း ကျွမ်းကျင်မှုတွေကြောင့် Red Bull လိုချင်နေတဲ့ အရည်အချင်းတွေနဲ့ အံဝင်ခွင်ကျ ဖြစ်နေပါတယ်။
လောလောဆယ်မှာတော့ Red Bull နဲ့ ခရော့ရှ်တို့ကြား တရားဝင်ဆွေးနွေးမှုတွေ မရှိသေးပါဘူး။ ဒါပေမဲ့ အသက် ၄၅ နှစ်အရွယ်ခရော့ရှ်က ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ လိုက်ပ်ဇစ်အသင်းရဲ့အားကစားဒါရိုက်တာအဖြစ် တာဝန်ယူခဲ့ဖူးလို့ ဒီအဖွဲ့အစည်းနဲ့ မစိမ်းလှပါဘူး။ အတိတ်မှာ အတွင်းပိုင်းသဘောထားမတိုက်ဆိုင်မှုတွေနဲ့အတူ လမ်းခွဲခဲ့ကြပေမဲ့ အခုတော့ Red Bull အကြီးအကဲ အိုလီဗာမင့်ဇ်လက်ဖ်နဲ့ ခရော့ရှ်တို့ရဲ့ဆက်ဆံရေး ပြန်လည်ကောင်းမွန်နေပြီလို့ သိရပါတယ်။
ဒါ့အပြင် New York Red Bulls တိုက်စစ်မှူးဟောင်း သီယာရီအွန်နရီကိုလည်း ဖြစ်နိုင်ခြေရှိသူတစ်ဦးအဖြစ် စဉ်းစားနေကြပါတယ်။ အာဆင်နယ်ဂန္ထဝင်က မိုနာကိုအသင်းနဲ့ ပြင်သစ်လူငယ်လက်ရွေးစင်အသင်းတွေကို ကိုင်တွယ်ခဲ့ဖူးသလို လက်ရှိ အီတလီကလပ်ကိုမိုအသင်းမှာ ရင်းနှီးမြှုပ်နှံသူအဖြစ်ရော၊ ဘောလုံးသုံးသပ်သူအဖြစ်ပါ လုပ်ကိုင်နေပါတယ်။
နောက်ထပ် အမည်ထွက်နေသူတစ်ဦးကတော့ ဆဲလ်ဘတ်နည်းပြဟောင်း ရော်ဂျာရှမစ် ဖြစ်ပါတယ်။ အသက် ၅၉ နှစ်အရွယ် ရှမစ်ဟာ လေဗာကူဆင်၊ ပီအက်စ်ဗွီနဲ့ ဘင်ဖီကာအသင်းတို့ကို ကိုင်တွယ်ခဲ့ဖူးပြီး လတ်တလောမှာလည်း ဂျပန် J-League မှာ ဘောလုံးအကြံပေးအဖြစ် လုပ်ကိုင်နေပါတယ်။