အာဆင်နယ်သို့ပြောင်းရွှေ့ဖို့ စာချုပ်ချုပ်ဆိုတော့မယ့် မက်စ်လီယာ
အီလန် မက်စ်လီယာဟာ ဆေးစစ်မှုတွေ အောင်မြင်စွာ ခံယူပြီးသွားပြီဖြစ်သလို ဒီနွေရာသီမှာ အာဆင်နယ်ကို ပြောင်းရွှေ့ဖို့အတွက် စာချုပ်ချုပ်ဆိုခဲ့ပြီလို့ သတင်းတွေအရ သိရပါတယ်။
ပြီးခဲ့တဲ့လကုန်မှာ အသင်းလက်မဲ့ဖြစ်ခဲ့တဲ့ အသက် ၂၆ နှစ်အရွယ် မက်စ်လီယာဟာ အဲလန်ရုတ်ဒ်မှာ ၆ ရာသီကြာ ဖြတ်သန်းခဲ့သူဖြစ်ပြီး ပွဲပေါင်း ၂၁၅ ပွဲအထိ ကစားပေးခဲ့ပါတယ်။ သူဟာ ၂၀၂၀ နဲ့ ၂၀၂၅ ခုနှစ်တွေမှာ အသင်းကို ပရီမီယာလိဂ်ဆီ နှစ်ကြိမ်တိုင်တိုင် တန်းတက်နိုင်အောင် ကူညီပေးခဲ့သူလည်း ဖြစ်ပါတယ်။
နည်းပြ အာတီတာရဲ့ လက်ရှိလူစာရင်းမှာ ဒေးဗစ်ရာယာနဲ့ ကီပါတို့ ရှိနေတာကြောင့် မက်စ်လီယာဟာ အသင်းရဲ့ တတိယဦးစားပေးဂိုးသမားအဖြစ် တွမ်မီဆက်ဖို့ဒ်ရဲ့နေရာမှာ အစားထိုးဝင်ရောက်လာမှာဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
အလွန်လျှင်မြန်တဲ့ ဒီအပြောင်းအရွှေ့ သဘောတူညီချက်ကို အပြောင်းအရွှေ့ကျွမ်းကျင်သူ ဖာဘရီဇီယိုရိုမာနိုက ဗုဒ္ဓဟူးနေ့မနက်ပိုင်းမှာ အတည်ပြုပေးခဲ့ပါတယ်။
"အီလန် မက်စ်လီယာ အာဆင်နယ်ကို ရောက်ပြီ၊ သေချာသွားပါပြီ (here we go)။ လိဒ်ယူနိုက်တက်ဂိုးသမားဟောင်းဟာ ဆေးစစ်မှုတွေ ပြုလုပ်ပြီးသွားပြီဖြစ်သလို အပြောင်းအရွှေ့အတွက်လည်း အားလုံးအဆင်ပြေသွားပါပြီ။ အင်္ဂါနေ့က လန်ဒန်မှာ ဆေးစစ်မှုခံယူပြီးနောက် စာချုပ်ကိုလည်း ချုပ်ဆိုခဲ့ပြီးဖြစ်ပါတယ်" လို့ ရိုမာနိုက ဆိုပါတယ်။
စိတ်ဝင်စားဖို့ကောင်းတာက မက်စ်လီယာဟာ ပြီးခဲ့တဲ့ရာသီ လိဒ်အသင်းမှာ ကားလ်ဒါးလိုးနဲ့ လူကပ်စ်ပယ်ရီတို့ရဲ့ နောက်မှာ တတိယဦးစားပေးဂိုးသမားသာ ဖြစ်ခဲ့ရပြီး နည်းပြ ဒန်နီရယ်ဖာကီအောက်မှာ ပွဲထွက်ကစားခွင့် တစ်ပွဲမှ မရရှိခဲ့တာပဲ ဖြစ်ပါတယ်။
မက်စ်လီယာဟာ ဒီနွေရာသီမှာ အာဆင်နယ်ရဲ့ ဒုတိယမြောက် ခေါ်ယူမှုဖြစ်လာမှာပါ။ အာဆင်နယ်ဟာ အငှားနဲ့ လာရောက်ကစားရာမှာ ခြေစွမ်းပြခဲ့တဲ့ ပီယာရို ဟင်ကာပီယေကိုလည်း ပေါင် ၃၄.၅ သန်းနဲ့ အပြီးသတ်ခေါ်ယူထားပြီးသား ဖြစ်ပါတယ်။
TalkSPORT ရဲ့ ဖော်ပြချက်အရ ကီပါဟာလည်း ဒီနွေရာသီမှာ အသင်းကနေ ထွက်ခွာတော့မှာဖြစ်တာကြောင့် မက်စ်လီယာဟာ အသင်းရဲ့ ဒုတိယဦးစားပေးဂိုးသမား ဖြစ်လာမှာဖြစ်ပြီး ရှုံးထွက်ဖလားပြိုင်ပွဲတွေမှာ ပွဲထွက်ကစားခွင့် အများအပြား ရရှိလာနိုင်ပါတယ်။