ချယ်လ်ဆီးကနေ အဲဗာတန်ကို အပြီးသတ် ပြောင်းရွှေ့သွားတဲ့ တိုင်ရစ်ဂျော့ဂျ်
လူငယ်တောင်ပံကစားသမား တိုင်ရစ်ဂျော့ဂျ်ဟာ ချယ်လ်ဆီးအသင်းကနေ အဲဗာတန်အသင်းဆီကို အပြီးသတ်ပြောင်းရွှေ့လာခဲ့ပြီလို့ အဲဗာတန်ဘက်က အတည်ပြုလိုက်ပါတယ်။
အသက် ၂၀ အရွယ် ဂျော့ဂျ်ဟာ ပြီးခဲ့တဲ့ရာသီဝက်တုန်းက ချယ်လ်ဆီးမှာ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရတာကြောင့် ဟေးလ်ဒစ်ကင်ဆန်ကွင်း (Hill Dickinson Stadium) ဆီ အငှားနဲ့ လာရောက်ကစားခဲ့သူပါ။
အဲဗာတန်အနေနဲ့ သူ့ကို ပေါင် ၂၅ သန်းနဲ့ အပြီးသတ်ဝယ်ယူနိုင်ခွင့်ရှိခဲ့ပေမဲ့ ဒေးဗစ်မွိုက်စ်လက်အောက်မှာ ကစားခဲ့တဲ့ ၁၁ ပွဲမှာ ဂျော့ဂျ်က ၁ ပွဲသာ ပွဲထွက်ခွင့်ရခဲ့ပါတယ်။
ဒါပေမဲ့လည်း မာဆေးဆိုဒ်ကလပ် အဲဗာတန်က သူ့ကို ဆက်ထိန်းထားချင်တာကြောင့် ပေါင် ၁၈ သန်းနဲ့ ညှိနှိုင်းခဲ့ပြီး အပိုဆုကြေးတွေအပါအဝင် စုစုပေါင်း ပေါင် ၂၄ သန်းအထိ ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။
အခုဆိုရင် အဲဗာတန်ဟာ ဟေးဒန်ဟတ်ခ်နေးနဲ့ မာလင်ရိုးလ်တို့ပြီးနောက် တိုင်ရစ်ဂျော့ဂျ်ကို ဒီနွေရာသီရဲ့ တတိယမြောက် ခေါ်ယူမှုအဖြစ် အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။
ကလပ်အသင်းဝဘ်ဆိုဒ်ကို ဂျော့ဂျ်က "အဲဗာတန်နဲ့ စာချုပ်ချုပ်နိုင်ခဲ့လို့ တကယ်ကို ဝမ်းသာပါတယ်။ ပြီးခဲ့တဲ့ရာသီက အငှားနဲ့လာကစားတုန်းက ဒီမှာရှိနေရတာကို သဘောကျခဲ့တာကြောင့် ပြန်လာဖို့ အခွင့်အရေးရှိလာတာနဲ့ ဒါကိုပဲ အမြဲတမ်း လိုချင်ခဲ့တာပါ" လို့ ပြောကြားခဲ့ပါတယ်။
"ဒါဟာ အသင်းကြီးတစ်သင်းပါ။ ဒီအသင်းအပေါ် ပရိသတ်တွေ ဘယ်လောက်အထိ ရူးသွပ်ကြတယ်၊ သူတို့အတွက် ဘယ်လောက်အဓိပ္ပာယ်ရှိတယ်ဆိုတာ ကျွန်တော်ကိုယ်တိုင် မြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့် သူတို့ကို ပျော်ရွှင်စေဖို့အတွက် အကောင်းဆုံးကစားပြပြီး ဂိုးတွေသွင်းတာ၊ ဂိုးဖန်တီးတာတွေ လုပ်ပေးချင်ပါတယ်" လို့လည်း သူက ဆိုပါတယ်။
"ဖေဖော်ဝါရီလမှာ ကျွန်တော် စရောက်ကတည်းက ပရိသတ်တွေနဲ့ အသင်းဖော်တွေက နွေးနွေးထွေးထွေး ကြိုဆိုခဲ့ကြပါတယ်။ ဒါဟာ တကယ့်ကို အားကောင်းတဲ့ အစုအဖွဲ့တစ်ခုဖြစ်ပြီး ရှေ့လျှောက်မှာ ပိုကောင်းလာမှာပါ၊ အသင်းသားတွေနဲ့ အသင်းအတွက် ရှေ့မှာဖြစ်လာမယ့် အရာတွေအတွက်လည်း စိတ်လှုပ်ရှားနေပါတယ်" လို့ ပြောကြားခဲ့ပါတယ်။