ကလော့ပ်ကို နည်းပြအဖြစ်ခန့်အပ်နိုင်ဖို့ အတားအဆီးတွေ ကျော်ဖြတ်ရဦးမယ်လို့ ဆိုလိုက်တဲ့ ဂျာမန်ဘောလုံးအဖွဲ့ချုပ်အကြီးအကဲ
ဂျာမနီဘောလုံးအဖွဲ့ချုပ်(DFB)ဒုဥက္ကဋ္ဌ ဟန်စ်-ဂျိုအာချင်ဝစ်ဇ်ကီက ယာဂန်ကလော့ပ်ကို ဂျာမနီအသင်းနည်းပြချုပ်အဖြစ် ခန့်အပ်မယ့်ကိစ္စ အပြီးမသတ်နိုင်သေးဘူးလို့ ပြောကြားလိုက်ပါတယ်။
"ဒါက အပြီးသတ်ပြီးသား ကိစ္စမဟုတ်သေးပါဘူး။ ကျော်ဖြတ်ရမယ့် အတားအဆီးတွေ ရှိနေပါသေးတယ်" လို့ ဒေါ့မွန်အသင်းမှာ ကလော့ပ်နဲ့ တွဲဖက်လုပ်ကိုင်ခဲ့ဖူးသူ ဝစ်ဇ်ကီက ZDF သတင်းဌာနကို ပြောပါတယ်။
"အထူးသဖြင့် သူက Red Bull နဲ့ စာချုပ်ရှိနေတယ်ဆိုတာကို ထည့်သွင်းစဉ်းစားရပါမယ်။ သူ့ကို စာချုပ်ချည်နှောင်မှုမှ လွတ်အောင်လုပ်ဖို့အတွက် တခြားသူတွေထက်စာရင် ကျွန်တော်က ပိုပြီးစိုးရိမ်မိပါတယ်" လို့ သူက ဆိုပါတယ်။
ဒါ့အပြင် "ယာဂန်ကလော့ပ် နည်းပြသစ်ဖြစ်လာဖို့ဆိုတာ ၅၀ ရာခိုင်းထက်မနည်း သေချာနေပေမဲ့ ရာနှုန်းပြည့်သေချာနေပြီလို့တော့ မဆိုနိုင်ပါဘူး။ ကလော့ပ်က ကျွန်တော်တို့ရဲ့ပထမဦးစားပေး စီမံကိန်းဖြစ်ပြီး ဒါကို အကောင်အထည်ဖော်ချင်ပါတယ်" လို့ ဝစ်ဇ်ကီက ပြောပါတယ်။
ဖြေရှင်းရမယ့်ပြဿနာတချို့ ရှိနေသေးပေမဲ့ ဒါကို ဖြေရှင်းချင်တဲ့ ကလော့ပ်ရဲ့ဆန္ဒက အများကြီး အထောက်အကူဖြစ်စေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ DFB မှာလည်း ငွေကြေးဆိုင်ရာ ကန့်သတ်ချက်တွေ ရှိနေုပြန်ပါတယ်။
"ကလော့ပ်ဆီမှ၊ အထူးသဖြင့် သူ့ဆီမှ 'မျိုးချစ်စိတ်ဓာတ် အထူးလျှော့ဈေး' ရလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ထားပါတယ်။ ဂျာမနီကို သူချစ်တယ်ဆိုတာ ကျွန်တော် သိပါတယ်" လို့ ဝစ်ဇ်ကီက ထပ်လောင်းပြောကြားခဲ့ပါတယ်။