ပွဲပယ်ပြစ်ဒဏ် ဆိုင်းငံ့ပေးလိုက်လို့ ဘယ်လ်ဂျီယံနဲ့ပွဲစဉ်မှာ ပါဝင်ကစားခွင့် ရရှိသွားတဲ့ ဘာလိုဂန်
The Athletic သတင်းဌာနရဲ့ဖော်ပြချက်အရ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က အမေရိကန်တိုက်စစ်မှူးဘာလိုဂန်ရဲ့တစ်ပွဲပယ်အနီကတ်ပြစ်ဒဏ်ကို ဆိုင်းငံ့ပေးလိုက်လို့ ဘယ်လ်ဂျီယံနဲ့ရင်ဆိုင်ရမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲ၊ ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်မှာ တိုက်စစ်မှူးပါဝင်ကစားလိမ့်မယ်လို့ သိရပါတယ်။
အသက် ၂၅ နှစ်အရွယ်ဘာလိုဂန်က ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့၊ ဘော့စနီးယားနဲ့ပွဲစဉ်မှာ ပြိုင်ဘက်နောက်ခံလူ မူဟာရီမိုဗစ်အပေါ် ကစားပုံကြမ်းတမ်းခဲ့လို့ တိုက်ရိုက်အနီကတ်ပြစ်ဒဏ် ကျခံခဲ့ရပါတယ်။ ဖီဖာရဲ့ပြိုင်ပွဲစည်းမျဉ်းတွေအရ ပုံမှန်အားဖြင့် ဘာလိုဂန်က တစ်ပွဲပယ်ပြစ်ဒဏ်ကို ကျခံသွားရဖို့ ရှိနေပါတယ်။
အမေရိကန်ဘောလုံးအဖွဲ့ချုပ်အတွက်လည်း ဒီအနီကတ်ပြစ်ဒဏ်နဲ့ပတ်သက်လို့ ဖီဖာစည်းမျဉ်းအရ အယူခံဝင်ခွင့်မရှိပေမဲ့ ဖီဖာကိုယ်တိုင်ကပဲ ဘာလိုဂန်ကို နောက်ပွဲမှာ ပါဝင်ကစားခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဖီဖာရဲ့စည်းကမ်းထိန်းသိမ်းရေးဥပဒေအပိုဒ် ၂၇ မှာ "တရားစီရင်ရေးအဖွဲ့အနေဖြင့် ချမှတ်ထားတဲ့ ပြစ်ဒဏ်တစ်ခုကို အပြည့်အဝဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်နိုင်တယ်" လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် "အခုလို ပြစ်ဒဏ်ဆိုင်းငံ့ခွင့်ခံစားနေသူအနေဖြင့် စောင့်ကြည့်ကာလအတွင်း အလားတူပြစ်ဒဏ်မျိုး ထပ်မံကျူးလွန်မယ်ဆိုရင် ဆိုင်ငံထားမှုကို ရုပ်သိမ်းကာ ယခင်ပြစ်ဒဏ်ရော၊ ပြစ်မှုအသစ်အတွက် ထပ်တိုးပြစ်ဒဏ်ပါ ကျခံရမယ်" လို့လည်း ဖော်ပြထားပါတယ်။