The network connection is lost.

Banner Image

နာဂယ်စ်မန်း နုတ်ထွက်ပြီးနောက် ဂျာမနီနည်းပြသစ်ဖြစ်လာဖို့ ဆွေးနွေးနေတယ်လို့ ယာဂန်ကလော့ပ် အတည်ပြု

ပြီးခဲ့တဲ့တနင်္လာနေ့၊ ကမ္ဘာ့ဖလားပြိုင်ပွဲမှ မထင်မှတ်ဘဲ ထွက်ခွာလာရပြီးနောက် နည်းပြနာဂယ်စ်မန်း ရာထူးမှနုတ်ထွက်သွားပြီလို့ ဂျာမနီဘောလုံးအဖွဲ့ချုပ်(DFB) က သောကြာနေ့မှာ အတည်ပြုလိုက်ပါတယ်။ ဒါ့အပြင် သူ့နေရာမှာ အစားထိုးဖို့အတွက် ယာဂန်ကလော့ပ်နဲ့ ဆွေးနွေးနေတယ်လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။

သောကြာနေ့နှောင်းပိုင်း၊ MagentaTV နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ယာဂန်ကလော့ပ်က DFB ရဲ့ကမ်းလှမ်းမှု သူ့ဆီ ရောက်ရှိနေတယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ 

"ဟုတ်ပါတယ်၊ ဆွေးနွေးမှုတွေရှိနေတာ မှန်ပါတယ်။ နာဂယ်စ်မန်း နုတ်ထွက်သွားလို့ DFB က နည်းပြသစ် ရှာဖွေနေပြီး ဒီလုပ်ငန်းစဉ်အတွင်းမှာ ကျွန်တော့်ကို လာရောက်ဆက်သွယ်ခဲ့တာပါ" လို့ ကလော့ပ်က ဆိုပါတယ်။

လက်ရှိမှာ Red Bull လုပ်ငန်းစုရဲ့ ကမ္ဘာလုံးဆိုင်ရာဘောလုံးအကြီးအကဲအဖြစ် ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတဲ့ လီဗာပူးလ်နည်းပြဟောင်းကလော့ပ်က နည်းပြလောကဆီ ပြန်လည်ဝင်ရောက်ဖို့ အချိန်တန်ပြီလို့ ဝန်ခံခဲ့ပါတယ်။

"စာချုပ်ရှိနေသေးလို့ အချိန်ကတော့ အတိအကျကြီး မပြည့်စုံသေးဘူးဆိုပေမဲ့ အရင်ထက်စာရင်တော့ အတော်လေးကောင်းမွန်တဲ့ အချိန်ပါပဲ။ လီဗာပူးမှထွက်ခွာလာချိန်ဆိုရင် တစ်နှစ်လောက်ဆက်အလုပ်လုပ်ဖို့တောင် အားမရှိတော့ပါဘူး။ ဒါပေမဲ့ အခုတော့ ကျွန်တော့်မှာ အားအင်တွေ ပြည့်၀နေပါပြီ" လို့ သူက ပြောပါတယ်။

သတင်းတွေရဲ့ဖော်ပြချက်အရ ဂျာမနီလက်ရွေးစင်အသင်းနည်းပြတာဝန် ကမ်းလှမ်းမှုရှိလာရင် အလုပ်ထွက်ခွင့်ပြုဖို့ Red Bull နဲ့ နှုတ်ကတိရထားတယ်လို့ သိရပါတယ်။ 

သူ့ရဲ့စာချုပ်အခြေအနေနဲ့ ပတ်သက်ပြီး ကလော့ပ်က "ကျွန်တော့်မှာ Red Bull နဲ့ စာချုပ်ရှိနေပါတယ်။ ကျွန်တော်ကတော့ များသောအားဖြင့် စာချုပ်တွေကို အလေးထားပါတယ်။ ဒါပေမဲ့ အခုဆွေးနွေးမှုတွေကိုလည်း ကျွန်တော် တကယ်ကို စိတ်ဝင်စားပါတယ်။ ဒီအတွက် သေသေချာချာ ထပ်ဆွေးနွေးသွားရပါဦးမယ်။ နာဂယ်စ်မန်းကြောင့် ဂျာမနီအသင်း ပြဿနာတွေ ကြုံတွေ့ခဲ့ရတာမျိုး မဟုတ်ပါဘူး" လို့ ဆိုပါတယ်။

"နာဂယ်စ်မန်းက အရမ်းတော်တဲ့နည်းပြတစ်ဦးဖြစ်ပြီး ဒါကို သက်သေပြဖို့ အခွင့်အရေးတွေ သူ့ရဲ့ နည်းပြဘဝမှာ အများကြီးရရှိလာပါဦးမယ်" လို့လည်း ကလော့ပ်က နိဂုံးချုပ်ပြောကြားသွားခဲ့ပါတယ်။