ဝေဖန်မှုတွေအောက် ကျရောက်နေတဲ့ ဘယ်လင်ဟမ်ကို ကာကွယ်ပြောကြားလိုက်တဲ့ တိုနီခရူးစ်
ရီးရဲလ်မက်ဒရစ်ဂန္ထဝင်တိုနီခရူးစ်က လတ်တလောဝေဖန်မှုတွေအောက် ကျရောက်နေတဲ့ ဘယ်လင်ဟမ်အတွက် ကာကွယ်ပြောကြားပေးခဲ့ပြီး ဒီအင်္ဂလန်ကွင်းလယ်လူကို ကမ္ဘာ့ဘောလုံးလောကရဲ့ပြီးပြည့်စုံမှုအရှိဆုံးကစားသမားတွေအနက် တစ်ဦးအဖြစ် ရည်ညွှန်းခဲ့ပါတယ်။
ဘယ်လင်ဂမ်က ဘာနေဗျူးကွင်းမှာ ထူးချွန်ပြောင်မြောက်တဲ့ ပွဲဦးထွက်ရာသီကို ဖြတ်သန်းခဲ့ပြီးနောက် ပုံစံကောင်းပျောက်ဆုံးခဲ့မှုနဲ့အတူ စပိန်မီဒီယာအချို့နဲ့ ပရိသတ်တွေရဲ့ စောင့်ကြည့်ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ပခုံးခွဲစိတ်ကုသမှုခံယူခဲ့ရခြင်းအပါအဝင် နောက်ဆက်တွဲကြွက်သားဒဏ်ရာပြဿနာတွေကြောင့် ဘယ်လင်ဟမ်ရဲ့အရှိန်အဟုန် ပျက်ပြားသွားခဲ့ပြီး စွမ်းဆောင်ရည်ပိုင်းအပေါ် သက်ရောက်မှု ရှိလာခဲ့ပါတယ်။
ဒါပေမဲ့ ခရူးစ်ကတော့ ရီယိုဖာဒီနန်နဲ့အတူ ပြုလုပ်ခဲ့တဲ့ podcast တစ်ခုမှာ ဒီလိုအပျက်သဘောဆောင်တဲ့ ဝေဖန်ပြောဆိုမှုတွေကို ပယ်ချခဲ့ပြီး ကစားသမားရဲ့အရည်အသွေးအပေါ် မေးခွန်းထုတ်စရာ မလိုဘူးလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။
"ရီးရဲလ်မက်ဒရစ်ကစားသမားဘ၀၊ သူ့ရဲ့ပထမဆုံးရာသီက တကယ့်ကို အံ့အားသင့်စရာကောင်းခဲ့ပါတယ်။ ဒါက ကျွန်တော့်ကို အတော်လေးအံ့ဩမိစေပါတယ်" လို့ ရီးရဲလ်မက်ဒရစ်ကစားသမားဟောင်းက ဆိုပါတယ်။
"ဘယ်လင်ဟမ်ဆိုတာ ကမ္ဘာ့အကောင်းဆုံးကွင်းလယ်လူအနက် တစ်ဦး ဖြစ်ပါတယ်။ သူ့ဆီမှာ တကယ့်ကို ထူးခြားဆန်းပြားတဲ့အရည်အသွေးတွေ ရှိနေတယ်ဆိုတာကို ကျွန်တော် မြင်တွေ့နေရပါတယ်" လို့ တိုနီခရူးစ်က ဆက်ပြောခဲ့ပါတယ်။