စထရာဘော့မှ အစ်ဆွစ်ဆီပြောင်းရွှေ့ဖို့ နီးစပ်လာတဲ့ ဂယ်ရီအိုနေးလ်
စထရာဘော့အသင်းနည်းပြဂယ်ရီအိုနေးလ်က အင်္ဂလန်ဘောလုံးလောကဆီ အလျှင်အမြန်ပြန်ရောက်လာဖွယ် ရှိပြီး ကီရန်မက်ကင်နာထွက်ခွာသွားတဲ့ အစ်ဆွစ်အသင်းမှာ တာဝန်ယူသွားဖို့ အတော်လေးနီးစပ်နေပါတယ်။
The Athletic ရဲ့ ဖော်ပြချက်အရ စထရာဘော့အသင်းပိုင်ရှင် BlueCo နဲ့ အစ်ဆွစ်တို့အကြား ဆွေးနွေးမှုတွေက အပေါင်းလက္ခဏာဆောင်တဲ့ တိုးတက်မှုတွေ ရှိနေပြီး လာမယ့်သီတင်းပတ်အစောပိုင်းမှာတင် သဘောတူညီမှု ရရှိသွားနိုင်တယ်လို့ သိရပါတယ်။
အိုနေးလ်က လွန်ခဲ့တဲ့ခြောက်လ၊ ရိုဆင်နီယာထွက်ခွာသွားတဲ့ စထရာဘော့အသင်းကို တာဝန်ယူကိုင်တွယ်ခဲ့ပေမဲ့ အခုအခါမှာတော့ စောစောစီးစီးလမ်းခွဲရမယ့်အရေးကို ရင်ဆိုင်နေရပါတယ်။
ပြင်သစ်မြေမှာ ခေတ္တရောက်ရှိခဲ့ချိန်အတွင်း သူက စထရာဘော့အသင်းကို ကွန်ဖရင့်လိဂ်နဲ့ ပြင်သစ်ဖလားပြိုင်ပွဲတွေရဲ့ ဆီမီးဖိုင်နယ်အဆင့်အထိ ပို့ဆောင်ပေးနိုင်ခဲ့ပေမဲ့ လီဂူးဝမ်းပြိုင်ပွဲမှာတော့ စွမ်းဆောင်ရည်ပိုင်း သိသိသာသာကျဆင်းခဲ့ပြီး လာမယ့်ရာသီ၊ ဥရောပပြိုင်ပွဲဝင်ခွင့်နဲ့ လွဲချော်ခဲ့ပါတယ်။
စထရာဘော့အသင်းဥက္ကဋ္ဌမာ့ခ်ကဲလ်လာက အိုနေးလ်ကို အသင်းမှာ ဆက်ထားရှိသွားမယ်လို့ အတိတ်မှာ အရိပ်အမြွက်ပြောကြားခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ အခြေအနေတွေ အရှိန်အဟုန်နဲ့ပြောင်းလဲသွားခဲ့ပြီး အစ်ဆွစ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ အိုနေးလ်ကို ပြန်လည်မြင်တွေ့ရဖို့ လမ်းပွင့်လာခဲ့ပါတယ်။