ယာမယ်လ်ပြန်လာနို်ငဖို့အတွက် အကောင်းဆုံးအချိန်ကို စောင့်ဆိုင်းနေတဲ့ စပိန်အသင်း
စပိန်ဘောလုံးအဖွဲ့ချုပ်(RFEF)ရဲ့နည်းစနစ်ဒါရိုက်တာကာရန်ကာက ဒဏ်ရာမှပြန်လည်သက်သာလာနေတဲ့ ဘာစီလိုနာစူပါကြယ်ပွင့်ယာမယ်လ်ကို ကွင်းတွင်း အလျှင်အမြန်ထည့်သွင်းကစားသွားစေဖို့ အစီအစဉ်မရှိဘူးလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။
အသက် ၁၈ နှစ်အရွယ်ကစားသမားက ပြီးခဲ့တဲ့ဧပြီလနှောင်းပိုင်း၊ ဆယ်လ်တာဗီဂိုကို ၁-၀ ဂိုးဖြင့် ဘာစီလိုနာအသင်း အနိုင်ယူခဲ့တဲ့ လာလီဂါပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာရရှိခဲ့ပြီး အနားယူနေခဲ့ရပါတယ်။
စပိန်အသင်းနည်းပြဒီလာဖွန်တေကတော့ လာမယ့်တနင်္ဂနွေနေ့မှာကစားမယ့် ကိတ်ဗာဒီနဲ့ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်အတွက် ယာမယ်လ် ပြန်လည်သက်သာလာနိုင်တယ်လို့ ပြောကြားခဲ့ဖူးပါတယ်။
ကာရန်ကာကလည်း နိုင်ငံလက်ရွေးစင်အသင်းမှာ ယာမယ်လ်ကို အလျှင်စလိုပြန်ကစားစေဖို့ မရှိဘူးလို့ အတည်ပြုခဲ့ပြီး ဘာစီလိုနာအသင်းဆီလည်း ဒီအတိုင်းပဲ ထပ်လောင်းအသိပေးခဲ့ပါတယ်။
"ယာမယ်လ် ပြန်လာဖို့အတွက် အကောင်းဆုံးအချိန်က ဘယ်အချိန်လဲဆိုတာ စောင့်ကြည့်သွားရပါမယ်" လို့ ကာရန်ကာက ရှင်းပြခဲ့ပါတယ်။
"ကျွန်တော်က ဘိုဂျန်ကာကစ်၊ ဘာစီလိုနာအားကစားဒါရိုက်တာဒေကိုတို့နဲ့ ကစားသမားဘဝမှာ အတူမဆုံခဲ့ဖူးပေမဲ့ ကျွန်တော်တို့အချင်းချင်းအကြားဆက်ဆံရေးက ပထမဆုံးအခိုက်အတန့်မှစတင်လို့ တကယ်ကို ကောင်းမွန်ခဲ့ပါတယ်"
"ပွင့်လင်းမြင်သာမှုရှိဖို့သာ အရေးကြီးပါတယ်။ ကျွန်တော်တို့က ဘာစီလိုနာရဲ့ဆေးဘက်ဆိုင်ရာအဖွဲ့နဲ့အတူ ရှိနေပြီး ယာမယ်လ်အတွက် အကောင်းဆုံးအချိန် ဘယ်အချိန်လဲဆိုတာကို အားလုံးစောင့်ကြည့်နေကြပါတယ်" လို့ ဆိုပါတယ်။