The network connection is lost.

Banner Image

တိုနာလီကို ခေါ်ယူဖို့ ပေါင်သန်း ၇၀ အထိ အသုံးပြုဖို့ ရည်ရွယ်ထားတဲ့ ယူနိုက်တက်

ဆန်ဒရို တိုနာလီရဲ့ နောက်ထပ်သွားမယ့်နေရာက စီးရီးအေ ဖြစ်လာဖို့ များနေပေမဲ့ ကြန့်ကြာမှုတွေ ရှိနေတာကြောင့် ပရီးမီးယားလိဂ် ကမ်းလှမ်းမှုတွေအတွက် အခွင့်အရေး ရှိလာနိုင်ပါသေးတယ်။ နယူးကာဆယ်ကွင်းလယ်လူကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ မန်ချက်စတာယူနိုက်တက်က ရှေ့ဆုံးက ရှိနေပြီး မန်စီးတီးနဲ့ အာဆင်နယ်တို့နဲ့လည်း သတင်းတွေ ထွက်နေပါတယ်။

Flashscore ရဲ့ သတင်းရင်းမြစ်တွေအရ တိုနာလီအတွက် အီတလီကို ပြန်ဖို့က အဖြစ်နိုင်ဆုံးလို့ ရှုမြင်ထားကြပြီး အေစီမီလန်နဲ့ ဂျူဗင်တပ်စ်တို့ကလည်း သူ့ကို သဘောကျနေတဲ့ အသင်းတွေထဲမှာ ပါဝင်ပါတယ်။ ဒါပေမဲ့ မီလန်အသင်းဟာ အားကစားဒါရိုက်တာနဲ့ နည်းပြသစ်ကို မခန့်အပ်ရသေးတာကြောင့် အပြောင်းအရွှေ့ကိစ္စကို မြန်မြန်ဆန်ဆန် လုပ်ဆောင်ဖို့ အခက်အခဲ ဖြစ်နေပါတယ်။ ဂျူဗင်တပ်စ်မှာလည်း ခေါ်ယူမယ့် ကစားသမားဦးစားပေးစာရင်း အရှည်ကြီး ရှိနေပြီး တိုနာလီက အဲဒီထဲမှာ ပါနေပေမဲ့ လက်ရှိအချိန်အထိ ဘာမှ တိုးတက်မှု မရှိသေးပါဘူး။

ဒါကြောင့် အီတလီလက်ရွေးစင်ကစားသမားအနေနဲ့ ဒီနွေရာသီမှာ တခြား အင်္ဂလန်ကလပ်တွေဆီက ကမ်းလှမ်းမှုတွေကို စဉ်းစားရနိုင်ပေမဲ့ အပြောင်းအရွှေ့ကြေးအပေါ်မှာပဲ မူတည်နေပါတယ်။ တိုနာလီက စိန်ခေါ်မှုအသစ်ကို လိုချင်နေတာကို နယူးကာဆယ်ဘက်က သိထားပေမဲ့ သူ့ကို ပြိုင်ဘက် အင်္ဂလန်ကလပ်တွေဆီ ရောင်းတာထက် တခြားနိုင်ငံက ကလပ်တွေဆီပဲ သွားစေချင်နေတာပါ။ အဲဒါကြောင့်လည်း အင်္ဂလန်ကလပ်တွေနဲ့ ညှိနှိုင်းရတာက သိပ်ပြီး လွယ်ကူမှာ မဟုတ်ပါဘူး။

မန်ယူအသင်းကတော့ ဒီနွေရာသီမှာ ကွင်းလယ်လူ သုံးယောက်လောက် ခေါ်ယူဖို့ ရှိနေပြီး တိုနာလီကိုလည်း သူတို့ရဲ့ စာရင်းထဲ ထည့်ထားပါတယ်။ လက်ရှိမှာတော့ သူ့ကို အိုးထရက်ဖို့ဒ်ဆီ ခေါ်ယူဖို့အတွက် ပေါင် ၇၀ သန်းထက် ပိုပြီး မပေးချင်ဘူးလို့ သိရပါတယ်။ အခက်အခဲကတော့ နယူးကာဆယ်ဘက်က တိုနယ်လီအတွက် ပေါင် သန်း ၁၀၀ ဝန်းကျင်အထိ ဆက်လက် သတ်မှတ်ထားတာဖြစ်ပြီး သူတို့ဘက်က ဈေးမလျှော့ဘူးဆိုရင်တော့ မန်ယူက ဒီအပြောင်းအရွှေ့ကို ဆက်ပြီး ကြိုးစားတော့မှာ မဟုတ်ပါဘူး။

အခုအချိန်မှာတော့ အေစီမီလန်ဘက်ကနေ ခိုင်မာတဲ့ ကမ်းလှမ်းမှုတစ်ခု ထွက်ပေါ်လာမယ့်အခြေအနေကို စောင့်ကြည့်တာက အကောင်းဆုံးဖြစ်မယ်လို့ ယူဆရပါတယ်။ မီလန်ဘက်က ဒီအပြောင်းအရွှေ့ကို အကောင်အထည်ဖော်နိုင်မယ်လို့ ယုံကြည်နေကြဆဲဖြစ်သလို တိုနယ်လီကလည်း အပြောင်းအရွှေ့ဈေးကွက် အစောပိုင်းကာလတွေမှာ အခြေအနေတွေ သိသာလာဖို့အတွက် စောင့်ဆိုင်းဖို့ အသင့်ရှိနေပါတယ်။