The network connection is lost.

Banner Image

ယူနိုက်တက် စောင့်ကြည့်နေချိန် အီလီယော့အန်ဒါဆန်အတွက် ကမ်းလှမ်းမှုအသစ် ပြင်ဆင်နေတဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းဟာ ပြီးခဲ့တဲ့အပတ်က ပထမအကြိမ်ကမ်းလှမ်းမှုကို ပယ်ချခံခဲ့ရပြီးနောက် နော်တင်ဟမ်ဖောရက်စ်ကွင်းလယ်လူ အီလီယော့အန်ဒါဆန်အတွက် ကမ်းလှမ်းမှုအသစ်တစ်ခုကို ထပ်မံပြင်ဆင်နေပါတယ်။

အန်ဒါဆန်ဟာ နော်တင်ဟမ်ဖောရက်စ်အသင်းအတွက် ပရီမီယံလိဂ်မှာ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ပြီးနောက် အသင်းကနေ ထွက်ခွာတော့မယ့် ဘာနာဒိုဆေးဗားရဲ့နေရာမှာ အစားထိုးဖို့ မန်စီးတီးရဲ့ အဓိကပစ်မှတ်ဖြစ်လာခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ် ကစားသမားလေးဟာ ထူးခြားတဲ့ ဘောလုံးဆွဲပြေးနိုင်စွမ်းနဲ့ ဂိုးဖန်တီးမှုစွမ်းရည်တွေကြောင့် အားလုံးကို အံ့အားသင့်စေခဲ့ပြီး ပရီမီယံလိဂ်ရဲ့ အကောင်းဆုံးအရည်အချင်းရှိသူတွေထဲက တစ်ယောက်ဖြစ်လာသလို အင်္ဂလန်လက်ရွေးစင်အသင်းမှာလည်း နေရာတစ်နေရာ ရရှိထားသူ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အန်ဒါဆန်က သူရဲ့ ပထမဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်ပဲ အာရုံစိုက်နေပေမဲ့ မန်စီးတီးကတော့ ဖောရက်စ်အသင်းရဲ့ ကျောနံပါတ် ၈ ကို ခေါ်ယူဖို့ ဆက်လက်ကြိုးပမ်းနေပြီး ကွင်းလယ်လူအတွက် နောက်ထပ်တရားဝင်ကမ်းလှမ်းမှုတစ်ခုကို ပေးပို့တော့မှာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ကလည်း အန်ဒါဆန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲဖြစ်ပေမဲ့ မန်စီးတီးကတော့ ဒီအပြောင်းအရွှေ့အတွက် လပေါင်းများစွာကတည်းက ဦးဆောင်နေခဲ့တာဖြစ်ပြီး ဒီနွေရာသီမှာပဲ အပြီးသတ်နိုင်ဖို့ ယုံကြည်နေပါတယ်။

ဒါပေမဲ့ နှစ်သင်းကြား သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးကွာဟချက်ကတော့ အဓိက အဟန့်အတားဖြစ်နေပါတယ်။ နော်တင်ဟမ်ဖောရက်စ်အသင်းက သူတို့ရဲ့ အဖိုးတန်ကစားသမားအတွက် ပေါင်သန်း ၁၀၀ ကျော်အပြင် ၂၀၂၃ ခုနှစ်တုန်းက ဒီကလန်ရိုက်စ်အတွက် အာဆင်နယ်ပေးခဲ့တဲ့ ပြောင်းရွှေ့ကြေးထက်တောင် ပိုမိုလိုချင်နေတာ ဖြစ်ပါတယ်။

ဒါဟာ ကစားသမားရဲ့ အစစ်အမှန်တန်ဖိုးထက် ဖောရက်စ်အသင်းအတွက် သူဘယ်လောက်အရေးပါတယ်ဆိုတာကို ပြသနေတာဖြစ်ပြီး စာချုပ်သက်တမ်းကလည်း ၃ နှစ်ကျန်ရှိနေသေးတာကြောင့် ဆုံးဖြတ်ပိုင်ခွင့်က ဖောရက်စ်အသင်းလက်ထဲမှာပဲ ရှိနေပါတယ်။

ဒါ့အပြင် အန်ဒါဆန်ကိုယ်တိုင်ကလည်း အစ်တီဟတ်ကွင်းဆီ ပြောင်းရွှေ့ဖို့ အလောတကြီးမရှိသေးဘဲ အင်္ဂလန်အသင်းနဲ့အတူ ကမ္ဘာ့ဖလားမှာ သူဘယ်လိုခြေစွမ်းပြမလဲဆိုတာကိုပဲ အားလုံးက စောင့်ကြည့်နေကြပါတယ်။