The network connection is lost.

Banner Image

၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု D အပေါ် ဆန်းစစ်ချက်နဲ့ ခန့်မှန်းချက်များ

အုပ်စု D က အမျှတဆုံးအုပ်စုတစ်ခုလို့ ပြောနိုင်ပါတယ်။ အိမ်ရှင်ဖြစ်တဲ့ အမေရိကန်က ထိပ်တန်းအသင်းအဖြစ်ပါဝင်နေပြီး ကျန်အသင်းတွေကတော့ ဩစတြေးလျ၊ တူရကီနဲ့ ပါရာဂွေးတို့ ဖြစ်ပါတယ်။

ပွဲတိုင်းက အကြိတ်အနယ်ရှိမှာဖြစ်ပေမဲ့ အမေရိကန်နဲ့ တူရကီတို့ပဲ အုပ်စုပထမနဲ့ ဒုတိယရပြီး နောက်တစ်ဆင့် (၃၂ သင်းအဆင့်) ကို တက်ဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ 

ဒါပေမဲ့ ဩစတြေးလျ ဒါမှမဟုတ် ပါရာဂွေးတို့ နောက်တစ်ဆင့်တက်သွားတာ ဒါမှမဟုတ် အုပ်စုပထမရသွားတာမျိုးဖြစ်လာရင်လည်း အံ့သြစရာတော့မဟုတ်ပါဘူး။

အုပ်စု (D) က အသင်းများ

အမေရိကန် 

အိမ်ရှင်အဖြစ်လက်ခံကျင်းပတာကြောင့် ပရိသတ်တွေက အမေရိကန်အသင်းကို နောက်ဆုံးအဆင့်တွေအထိ တက်လှမ်းနိုင်ဖို့ မျှော်လင့်နေကြပါတယ်။ ဒါပေမဲ့ အမေရိကန်က မိုင်းတစ်လျှောက် ကမ္ဘာ့ဖလားရှုံးထွက်ပွဲစဉ်ကို တစ်ပွဲပဲ အနိုင်ရဖူးပါတယ်။ 

နည်းပြ ပိုချက်တီနိုလက်ထက်မှာတော့ ရလဒ်တွေကအတက်အကျရှိနေပါတယ်။ ပြီးခဲ့တဲ့ဆောင်းရာသီမှာ ရလဒ်ကောင်းတွေရခဲ့ပေမဲ့ မနှစ်က ကွန်ကာကပ်ဖ်နေးရှင်းလိဂ်မှာ နှစ်ပွဲစလုံး ရှုံးခဲ့သလို မကြာသေးခင်က ဘယ်လ်ဂျီယံ၊ ပေါ်တူဂီတို့နဲ့ကန်ခဲ့တဲ့ ခြေစမ်းပွဲတွေမှာလည်း ရုန်းကန်ခဲ့ရပါတယ်။

အဓိကကစားသမားများ - ခရစ်ရှန်ပူလီဆစ်၊ ခရစ်ရစ်ချက်စ်၊ တိုင်လာအဒမ်စ်

တူရကီ

တူရကီအသင်းက ၁၉၅၄ နဲ့ ၂၀၀၂ ခုနှစ်တွေမှာပဲ ကမ္ဘာ့ဖလားကစားဖူးတာကြောင့် ဒီနှစ်ပြိုင်ပွဲက တတိယအကြိမ်မြောက်ပါဝင်ယှှဉ်ပြိုင်တာဖြစ်ပါတယ်။ 

၂၄ နှစ်ကြာမှ ကမ္ဘာ့ဖလားပြန်ကန်ရတာဖြစ်ပေမဲ့ တူရကီက အလွန်အန္တရာယ်များတဲ့ အသင်းဖြစ်ပါတယ်။

ဥရောပထိပ်တန်းကလပ်တွေမှာ ကစားနေတဲ့ ကစားသမားတွေနဲ့ စုဖွဲ့ထားတာကြောင့် အုပ်စုတက်ဖို့ အခြေအနေကောင်းနေပါတယ်။

အဓိကကစားသမားများ - ဟာကန်ကယ်ဟန်နိုဂလူ၊ အာဒါဂူလာ၊ ကီနန်ယီလ်ဒစ်ဇ်

ဩစတြေးလျ

ဩစတြေးလျအသင်းမှာ ကစားသမားကောင်းတွေမပါပေမဲ့ ကမ္ဘာ့ဖလား ၅ ကြိမ်ဆက်ကစားထားတဲ့ အတွေ့အကြုံတော့ ရှိပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားတုန်းကလည်း နောက်တစ်ဆင့် တက်ခဲ့ပြီး ချန်ပီယံအာဂျင်တီးနားကို အခက်တွေ့အောင်ကစားနိုင်တာကြောင့် ဘယ်အသင်းကိုမဆို ဒုက္ခပေးနိုင်တဲ့ အစွမ်းရှိပါတယ်။

အဓိကကစားသမားများ - ဂျက်ဆင်အာဗင်း၊ နက်စတိုရီအီရန်ကွန်ဒါ၊ ဂျော်ဒန်ဘော့စ်

ပါရာဂွေး

ပါရာဂွေးအသင်းကတော့ ၂၀၁၀ နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားကို ပြန်ရောက်လာတာဖြစ်ပါတယ်။ 

နည်းပြ ဂူစတာဗိုအယ်လ်ဖာရိုရဲ့ အသင်းဟာ ခံစစ်အလွန်ကောင်းပြီး တောင်အာမေရိကဇုန်ခြေစစ်ပွဲ ၁၈ ပွဲမှာ ၁၀ ဂိုးပဲ ပေးခဲ့ရပါတယ်။

ဒါပေမဲ့ တိုက်စစ်ပိုင်းမှာတော့ ၁၄ ဂိုးပဲ သွင်းနိုင်ခဲ့လို့ ဒီမှတ်တမ်းက ခြေစစ်ပွဲအောင်တဲ့ တောင်အာမေရိကအသင်းတွေထဲအနည်းဆုံး ဖြစ်နေပါတယ်။

အဓိကကစားသမားများ - ဒီယေဂိုဂိုးမက်ဇ်၊ ဂျူလီယိုအန်စီဆို၊ မီဂွယ်အယ်လ်မီရွန်


ခန့်မှန်းချက်

၁.တူရကီ
၂.အမေရိကန်
၃.ဩစတြေးလျ
၄.ပါရာဂွေး