The network connection is lost.

Banner Image

၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု C အပေါ် ဆန်းစစ်ချက်နဲ့ ခန့်မှန်းချက်များ

အုပ်စု C က တကယ်စိတ်ဝင်စားဖို့ကောင်းပါတယ်။ 

နာမည်ကြီး ဘရာဇီးအသင်းအပြင် ခြေစွာနေတဲ့ မော်ရိုကို၊ ထိပ်တန်းကစားသမားတွေပါတဲ့ စကော့တလန်နဲ့ ပြိုင်ပွဲရဲအားအနည်းဆုံးအသင်းလို့ယူဆရတဲ့ ဟေတီတို့ ပါဝင်နေပါတယ်။

ဘရာဇီးက အုပ်စုပထမရဖို့ ရေပန်းအစားဆုံးဖြစ်ပေမဲ့ မော်ရိုကိုကလည်း ပြီးခဲ့တဲ့ကမ္ဘာ့ဖလားမှာ အာဖရိကနိုင်ငံတွေထဲ ပထမဆုံးအကြိမ်အဖြစ် ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့တဲ့ အသင်းဖြစ်နေပါတယ်။ 

စကော့တလန်နဲ့ ဟေတီတို့ကတော့ နှစ်ပေါင်းများစွာကြာမှ ကမ္ဘာ့ဖလားကိုပြန်ရောက်လာတာဖြစ်လို့ အံ့အားသင့်စရာရလဒ်တွေရရှိရေးကြိုးစားကြမှာဖြစ်ပါတယ်။

အုပ်စု (C) က အသင်းများ

ဘရာဇီး

ဘရာဇီးအသင်း ကမ္ဘာ့ဖလားမရခဲ့တာ ၂၄ နှစ်တောင် ရှိသွားပါပြီ။ ဘရာဇီးပရိသတ်တွေကတော့ ဖလားရမယ်လို့ ယုံကြည်မှုသိပ်မရှိကြပါဘူး။ 

ကာလိုအန်ဆယ်လော့တီလိုကမ္ဘာ့အဆင့်နည်းပြရှိပြီး ထိပ်တန်းကစားသမားတွေ အစုံအလင်ရှိပေမဲ့ ခြေစစ်ပွဲမှာ ရုန်းကန်ခဲ့ရသလို နောက်ဆုံးကစားထားတဲ့ပွဲတွေမှာလည်း စိတ်ချရတဲ့ခြေစွမ်းမျိုးမပြနိုင်သေးပါဘူး။ 

နေမာ ပါဝင်လာပေမဲ့ အသင်းကို ဗင်နီစီးယက်စ်ကပဲ ဦးဆောင်ရမှာဖြစ်ပါတယ်။ ဗင်နီစီးယက်စ်က လက်ရွေးစင်အသင်းမှာတော့ မျှော်မှန်းထားသလိုခြေစွမ်းမျိုးမပြနိုင်သေးပါဘူး။ 

အဓိကကစားသမားများ - ဗင်နီစီးယက်စ်၊ ရာဖင်ဟာ၊ ကတ်စ်မဲရိုး

မော်ရိုကို

မော်ရိုကိုအသင်းက ၂၀၂၂ ကမ္ဘာ့ဖလားမှာ သမိုင်းသစ် ရေးထိုးနိုင်ခဲ့ပေမဲ့ အဲ့ဒီခြေစွမ်းမျိုး နောက်တစ်ကြိမ် ထပ်ပြနိုင်ဖို့ဆိုတာ စိန်ခေါ်မှုကြီးတစ်ခုဖြစ်နေပါတယ်။ 

မော်ရိုကိုက ခြေစစ်ပွဲကို အေးအေးဆေးဆေးကျော်ဖြတ်နိုင်ခဲ့သလို အာဖရိကဖလားမှာလည်း ချန်ပီယံဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ချန်ပီယံဖြစ်ပုံကတော့ ငြင်းခုံစရာတွေ ရှိခဲ့ပါတယ်။ ဗိုလ်လုပွဲမှာ ဆီနီဂေါအသင်း ကွင်းထဲကနေထွက်သွားလို့အပြစ်ပေးခံရတာကြောင့် မော်ရိုကိုက ချန်ပီယံဆုကိုရခဲ့တာဖြစ်ပါတယ်။ 

ဘာပဲဖြစ်ဖြစ် မော်ရိုကိုက ဒီနှစ်ကမ္ဘာ့ဖလားမှာလည်း ရှုံးထွက်အဆင့်တွေအထိ တက်လှမ်းနိုင်မယ့် အခွင့်အရေးအပြည့်အဝရှိနေပါတယ်။

အဓိကကစားသမားများ - အာရက်ဖ်ဟာကီမီ၊ ဘရာဟင်ဒီယက်ဇ်၊ အစ္စမေးလ်ဆိုင်ဘာရီ

စကော့တလန်

၁၉၉၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားပြန်ကန်ခွင့်ရတဲ့ စကော့တလန်အသင်းက အပျော်သဘောလာကန်တာမဟုတ်ပါဘူး။ 

ခြေစစ်ပွဲမှာ ၆ ပွဲကစား ၄ ပွဲနိုင် အုပ်စုပထမရပြီး ခြေစစ်ပွဲအောင်ခဲ့တာဖြစ်ပါတယ်။ အသင်းမှာ နာပိုလီကြယ်ပွင့် မက်တိုမီနေးနဲ့ အက်စတွန်ဗီလာက ဂျွန်မက်ဂင်းတို့လို ထိပ်တန်းကစားသမားတွေ ရှိနေပေမဲ့ အရန်အင်အားနဲ့ တိုက်စစ်ပိုင်းမှာတော့ ကမ္ဘာ့ဖလားလိုပြိုင်ပွဲကြီးမှာ ယှဉ်နိုင်လောက်တဲ့အင်အားရှိမရှိဆိုတာ မသေချာသေးပါဘူး။

အဓိကကစားသမားများ - စကော့မက်တိုမီနေး၊ ဂျွန်မက်ဂင်း၊ အန်ဒီရော်ဘတ်ဆန်

ဟေတီ

၁၉၇၄ နောက်ပိုင်း ပထမဆုံးအကြိမ်နဲ့ သမိုင်းတစ်လျှောက် ဒုတိယအကြိမ်မြောက်အဖြစ် ကမ္ဘာ့ဖလားကိုရောက်လာတဲ့ဟေတီအသင်းက ဒီအဆင့်ကိုရောက်လာတာနဲ့တင် ဂုဏ်ယူစရာကောင်းနေပြီဖြစ်ပါတယ်။ 

ဟေတီက ကော်စတာရီကာနဲ့ ဟွန်ဒူးရပ်စ်တို့ပါတဲ့ အုပ်စုမှာ ပထမရပြီး ခြေစစ်ပွဲအောင်ခဲ့တာကြောင့် ချီးကျူးချင်စရာဖြစ်ပါတယ်။ ဒါပေမဲ့ ထိပ်တန်းကစားသမား ရှားတာကြောင့် ပြိုင်ပွဲမှာ အချိန်အကြာကြီးရှိနေဖို့တော့ မလွယ်လှပါဘူး။

အဓိကကစားသမားများ - ဘယ်လီဂတ်ဒ်၊ ဝီလ်ဆင်အီစီဒေါ၊ ရီကာဒိုအာဒေး

ခန့်မှန်းချက်

၁.ဘရာဇီး
၂.မော်ရိုကို
၃.စကော့တလန်
၄.ဟေတီ