အီတလီနိုင်ငံအကြောင်း ကာတစ်ဂျုံးစ် မေးမြန်းခဲ့တယ်လို့ ဖွင့်ဟလာတဲ့ ချီယေဆာ
ချီယေဆာက လီဗာပူးအသင်းဖော်တွေဖြစ်တဲ့ အလီဆင်နဲ့ ကာတစ်ဂျုံးစ်တို့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
လက်ရှိစာချုပ်သက်တမ်းရဲ့နောက်ဆုံး ၁၂ လကာလဆီ ရောက်ရှိလာတော့မယ့် ကာတစ်ဂျုံးစ်ရဲ့မာဆေးဆိုဒ်အနာဂတ်က မရေမရာဖြစ်နေပြီး လူငယ်ကစားသမားဂျေဒန်ဒန်းစ်မှလွဲလို့ လီဗာပူးအသင်းရဲ့နောက်ဆုံးသောဒေသခံကစားသမားကိုယ်တိုင် အသင်းမှထွက်ခွာဖို့ ပြင်ဆင်နေပါတယ်။
Liverpool Echo ရဲ့ဖော်ပြချက်အရ ပွဲကစားချိန်ပိုမိုရရှိချင်နေတဲ့ ကာတစ်ဂျုံးစ်အတွက် စာချုပ်သစ်ဆွေးနွေးမှုတွေ အဆင်မပြေဖြစ်နေတယ်လို့ သိရပါတယ်။
လီဗာပူးဂိုးသမားအလီဆင်လည်း အီတလီဆီပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်နေပြီး လီဗာပူးမှာ ၈ နှစ်ကြာရှိနေခဲ့တဲ့ ဘရာဇီးလက်ရွေးစင်အတွက် ဂျူဗင်တပ်စ်အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်ဆိုတာ သဘာဝကျတဲ့ရွေးချယ်မှုတစ်ခု ဖြစ်ပုံရပါတယ်။
La Gazzetta dello Sport နဲ့ အင်တာဗျူးမှာ ချီယေဆာက ဒီကစားသမားနှစ်ဦးရဲ့ အခြေအနေနဲ့ နွေရာသီကာလမှာ သူတို့ ဘယ်ဆီရောက်သွားနိုင်သလဲဆိုတဲ့ အသေးစိတ်အချက်အလက်တွေကို ဖွင့်ဟခဲ့ပါတယ်။
"အီတလီမှာ အခြေအနေဘယ်လိုရှိသလဲဆိုပြီး ကာတစ်ဂျုံးစ်က ကျွန်တော့်ဆီ မေးမြန်းခဲ့ပါတယ်။ ကျွန်တော်ကတော့ အီတလီမှာနေရတာ အရမ်းကောင်းပြီး ရာသီဥတုလည်း လီဗာပူးထက် ပိုကောင်းတယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ လီဗာပူးဆိုတာလည်း တကယ့်ကိုထူးခြားတဲ့နေရာတစ်ခုပါ"
"ကာတစ်ဂျုံးစ်က နည်းစနစ်ပိုင်းအရ တကယ်ကို ကောင်းမွန်တဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။ အင်တာမီလန်အသင်းက သူ့ကိုခေါ်ယူဖို့ စဉ်းစားနေတယ်ဆိုတာ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်" လို့ ချီယေဆာက ဖွင့်ဟပါတယ်။
အလီဆင်ရဲ့အနာဂတ်နဲ့ပတ်သက်လို့လည်း "ကျွန်တော် ကြားရသလောက်တော့ သူ အင်္ဂလန်မှာပဲ ဆက်ရှိနေပါလိမ့်မယ်။ ဒါပေမဲ့ စောင့်ကြည့်ကြတာပေါ့" လို့ ချီယေဆာက ဆိုပါတယ်။
"ကျွန်တော်တို့က ကမ္ဘာ့အကောင်းဆုံးဂိုးသမား ၅ ဦးစာရင်းဝင် ဂိုးသမားအကြောင်း ပြောနေတာပါ။ သူဟာ ထူးချွန်တဲ့ အသင်းခေါင်းဆောင်တစ်ဦးဖြစ်သလို အရာအားလုံးကိုလည်း ဆွတ်ခူးဖူးပြီး ကွင်းတွင်းမှာရော အဝတ်လဲခန်းထဲမှာပါ ကွဲပြားခြားနားမှုတွေကို ဖန်တီးပေးနိုင်ပါတယ်"လို့ ပြောပါတယ်။
လီဗာပူးအသင်းက မိုဆာလက်၊ ကိုနာတေးနဲ့ ရောဘတ်ဆန်တို့ကို အသင်းမှထွက်ခွာခွင့် ပေးထားရပါတယ်။ ကာတစ်ဂျုံးစ်နဲ့ အလီဆင်တို့ကိုပါ ထပ်မံဆုံးရှုံးရမယ်ဆိုရင် အသင်းကို စတင်ကိုင်တွယ်ရမယ့် နည်းပြသစ်အီရာအိုလာအတွက် ကြီးမားတဲ့ထိုးနှက်ချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။