The network connection is lost.

Banner Image

၂၀၂၆ ကမ္ဘာ့ဖလားချန်ပီယံဆုအတွက် ရေပန်းစားမှုအမြင့်ဆုံး ထိပ်တန်းအသင်း ၁၀ ခု

အမေရိကန်ပြည်ထောင်စု၊ ကနေဒါနဲ့ မက္ကဆီကိုတို့မှာ ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီး နီးကပ်လာတာနဲ့အမျှ ကမ္ဘာ့အကြီးမားဆုံးအားကစားပွဲတော်ကြီးအပေါ် စိတ်ဝင်စားမှုတွေ မြင့်တက်လာနေပါတယ်။

လတ်တလောခြေစွမ်း၊ လူစာရင်းစုဖွဲ့မှု၊ သမိုင်းကြောင်းအစဉ်အလာနဲ့ ကမ္ဘာ့အဆင့်မီကြယ်ပွင့်ကစားသမားပါဝင်နိုင်မှုဆိုတဲ့အချက်တွေက ဗိုလ်စွဲဖို့ရေပန်းစားမှုသတ်မှတ်ချိန်မှာ အဓိကကျပါတယ်။ ဒါဆိုရင် တကယ့်ရေပန်းအစားဆုံးအသင်းတွေက ဘယ်သူတွေဖြစ်မလဲ။

**စပိန်**
စပိန်အသင်းက ယူရို ၂၀၂၄ ချန်ပီယံဆုကို ရရှိခဲ့ပြီး ခြေစစ်ပွဲစဉ်ခရီးစဉ်တလျှောက် ရှုံးပွဲမရှိဖြတ်သန်းနိုင်ခဲ့လို့ ကျွမ်းကျင်သူအများစုရဲ့ရေပန်းအစားဆုံးစာရင်းမှာ ထိပ်ဆုံးနေရာမှ ပါဝင်နေပါတယ်။ သူတို့ရဲ့ ကွင်းလယ်ပိုင်းကို ရိုဒရီနဲ့ ပက်ဒရီတို့က ဦးဆောင်ထားပြီး တစ်ကမ္ဘာလုံးရဲ့အားကျမှုရရှိထားတဲ့ ကွင်းလယ်ပိုင်း ဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးစာရင်းဝင်အဖြစ် တိုးတက်လာနေတဲ့ လူငယ်ကြယ်ပွင့်ယာမယ်လ်လည်း ရှိနေပြန်ပါတယ်။ စပိန်ရဲ့ နည်းစနစ်ပိုင်းထိန်းချုပ်နိုင်စွမ်းနဲ့ လူစာရင်းစုဖွဲ့မှုအားကောင်းပုံတွေကြောင့် သူတို့ကိုအနိုင်ယူဖို့ဆိုတာ အလွန်ခက်ခဲပါလိမ့်မယ်။ ၂၀၁၀ ကမ္ဘာ့ဖလား ချန်ပီယံစပိန်အတွက် နောက်တစ်ကြိမ် ထိပ်ဆုံးနေရာဆီ ပြန်လည်ရောက်ရှိဖို့ဆိုတာ အလားအလာ အလွန်ကောင်းမွန်နေပါတယ်။

**ပြင်သစ်**
ပြင်သစ်အသင်းက နောက်ဆုံးကျင်းပခဲ့တဲ့ကမ္ဘာ့ဖလားပြိုင်ပွဲနှစ်ကြိမ်ဆက် ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့ပြီး ကမ္ဘာ့အဆင့်မီကစားသမားကောင်းတွေကို စဉ်ဆက်မပြတ်မွေးထုတ်ပေးနေဆဲပဲ ဖြစ်ပါတယ်။ သူတို့ဆီမှာ အမ်ဘာပေက အဓိကကြယ်ပွင့်အဖြစ် ဆက်ရှိနေပြီး ဒမ်ဘီလီ၊ ဆာလီဘာနဲ့ အိုလီစီတို့လို ကစားသမားတွေ ဝန်းရံပေးထားပါတယ်။ နည်းပြဒက်စ်ချမ့်စ်ရဲ့အသင်းက အရှိန်အဟုန်၊ ရုန်းကန်အားနဲ့ အတွေ့အကြုံတွေ ပိုင်ဆိုင်ထားသလို ခြေစစ်ပွဲခရီးလမ်းတလျှောက် ရှုံးပွဲမရှိ ဖြတ်သန်းနိုင်ခဲ့မှုဖြင့် သူတို့ရဲ့ အမြဲတစေတည်ငြိမ်တဲ့ခြေစွမ်းကို သက်သေပြသနေပါတယ်။ ပြင်သစ်က ၁၉၉၈ နဲ့ ၂၀၁၈ ခုနှစ်ပြိုင်ပွဲတွေမှာ ချန်ပီယံဖြစ်ခဲ့ဖူးပြီး အခုတစ်ကြိမ်မှာလည်း သူတို့ရဲ့ဂျာစီပေါ် တတိယမြောက်ကြယ်ပွင့်ကို ချိတ်ဆွဲဖို့ အဆင်သင့်ဖြစ်နေပါလိမ့်မယ်။

**အင်္ဂလန်**
နောက်ဆုံးမှာတော့ အင်္ဂလန်ရဲ့ 'ရွှေရောင်မျိုးဆက်သစ်' ကလည်း တိုင်းပြည်ရဲ့အဓိကဆုဖလားငတ်မွတ်မှုကို အဆုံးသတ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ အင်္ဂလန်အသင်းက ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ဒုတိယရရှိခဲ့ပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲခရီးစဉ်တလျှောက် ပေးဂိုးလုံးဝမရှိဘဲ သက်တောင့်သက်သာ အနိုင်ရရှိကာ အကောင်းဆုံးကျော်ဖြတ်ပြခဲ့ပါတယ်။ ဟယ်ရီကိန်းက အသင်းကို ဆက်လက်ဦးဆောင်နေပြီး ဘယ်လင်ဂမ်၊ ဆာကာနဲ့ မော်ဂန်ရိုဂျာစ်တို့က ဖန်တီးမှုအပိုင်းကို ပြုလုပ်ပေးသွားပါလိမ့်မယ်။ တစ်ခုတည်းသော ကမ္ဘာ့ဖလားချန်ပီယံဆုကို ၁၉၆၆ ခုနှစ်မှာ ရရှိခဲ့ပေမဲ့ အခုလက်ရှိအင်္ဂလန်အသင်းအပေါ် ယုံကြည်မှုပိုင်းက ဘယ်ကာလထက်မဆို ပိုမိုပြင်းထန်နေပါတယ်။

**အာဂျင်တီးနား**
လက်ရှိချန်ပီယံအာဂျင်တီးနားအသင်းက ၂၀၂၂ ကာတာကမ္ဘာ့ဖလားမှာ ချန်ပီယံဖြစ်စေခဲ့တဲ့ စိတ်ဓာတ်ပိုင်းနဲ့ အရည်အသွေးတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ပါတယ်။ လီယွန်နယ်မက်ဆီက သူ့ရဲ့လက်ရွေးစင်ကစားသမားဘ၀နိဂုံးပိုင်းဆီ ရောက်ရှိနေပြီဖြစ်ပေမဲ့ အာဂျင်တီးနားလူစာရင်းစုဖွဲ့မှုမှာတော့ ဂျူလီယန်အယ်လ်ဗာရက်ဇ်၊ အန်ဇိုဖာနန်ဒက်ဇ်နဲ့ မက်အယ်လစ္စတာတို့လို ကြယ်ပွင့်တွေနဲ့အတူ အင်အားတောင့်တင်းနေဆဲပါပဲ။ ကမ္ဘာ့ဖလားနှစ်ကြိမ်ဆက်ဆွတ်ခူးနိုင်ဖို့ဆိုတာ အလွန်ခက်ခဲပြီး ၁၉၆၂ ခုနှစ်၊ ဘရာဇီးအသင်းကသာ နောက်ဆုံးအကြိမ်စွမ်းဆောင်နိုင်ခဲ့ပေမဲ့ အာဂျင်တီးနားရဲ့အောင်ပွဲဆာလောင်စိတ်နဲ့ လတ်တလောကိုပါအမေရိကဖလားပြိုင်ပွဲအောင်မြင်မှုတွေက ချန်ပီယံဆုကို နောက်တစ်ကြိမ်စိန်ခေါ်နိုင်ဖို့ အခွင့်အရေးပေးလာပါလိမ့်မယ်။

**ဘရာဇီး**
ဘရာဇီးအသင်းဆိုတာ ကမ္ဘာ့ဖလားပြိုင်ပွဲကာလရောက်ရှိလာချိန်တိုင်း အမြဲလိုလို ဗိုလ်စွဲဖို့ ရေပန်းစားလေ့ရှိတဲ့အသင်းတစ်ခုပါ။ ကမ္ဘာ့ဖလားငါးကြိမ်ဆုရှင်တွေက‌ နည်းပြအန်ဆယ်လော့တီလက်အောက်မှာ ပြန်လည်တည်ဆောက်လာခဲ့ပြီး ခံစစ်ပိုင်းလည်း ပိုမိုစနစ်ကျလာခဲ့ပါတယ်။ ဗင်နီစီးယက်စ်နဲ့ ရာဖင်ဟာတို့က ကမ္ဘာ့အဆင့်မီတိုက်စစ်ပိုင်းအတွက် ကူညီပံ့ပိုးပေးထားပြီး နေမာကလည်း ကြံ့ခိုင်မှုသာပြည့်၀မယ်ဆိုရင် အသင်းကို  စိတ်ဓါတ်ခွန်အားပေးစွမ်းနိုင်ပါတယ်။ ဘရာဇီးအသင်းက ၂၀၀၂ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလားချန်ပီယံဆုနဲ့ ဝေးကွာနေခဲ့ပေမဲ့ သူတို့ရဲ့သမိုင်းကြောင်း၊ ပါရမီနဲ့ တိုက်စစ်စွမ်းရည်တွေကြောင့် လျှော့တွက်ထားလို့တော့ မရပါဘူး။

**ပေါ်တူဂီ**
ပေါ်တူဂီအသင်းမှာ ဘာနာဒိုဆေးလ်ဗား၊ ဘရူနိုဖာနန်ဒက်စ်နဲ့ ဗီတင်ဟာတို့ ပေါင်းစပ်ထားတဲ့ ကမ္ဘာ့အဆင့်ကွင်းလယ်အတွဲအဖက် ပါဝင်ပြီး စီရော်နယ်ဒိုအတွက်လည်း ဒီတစ်ကြိမ်ကမ္ဘာ့ဖလားပြိုင်ပွဲက သူ့ရဲ့နိုင်ငံ့လက်ရွေးစင်ဘ၀ နောက်ဆုံးပြိုင်ပွဲကြီး ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် ပေါ်တူဂီက နေးရှင်းလိဂ်နဲ့ ခြေစစ်ပွဲအဆင့်တွေမှာ အကောင်းဆုံးစွမ်းဆောင်ပြနိုင်ခဲ့လို့ ယုံကြည်မှုပိုင်း မြင့်မားနေပါလိမ့်မယ်။ ကမ္ဘာ့ချန်ပီယံမဖြစ်ဖူးခဲ့ပေမဲ့ သူတို့ရဲ့အတွေ့အကြုံနဲ့ နည်းစနစ်ပိုင်းအရည်အသွေးတွေကြောင့် ပြိုင်ဘက်တွေအတွက် အလွန်အန္တရာယ်ရှိစေပါလိမ့်မယ်။

**ဂျာမနီ**
ဂုဏ်သတင်းတစ်ခုတည်းနဲ့တင် ဂျာမနီအသင်းက ဒီကမ္ဘာ့ဖလားမှာ လေးစားမှုပေးကိုပေးရမယ့် အသင်း ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားလေးကြိမ်ဆုရှင်တွေက လတ်တလောပြိုင်ပွဲတွေမှာ ရုန်းကန်နေရပေမဲ့ အရည်အသွေးမြင့်မျိုးဆက်သစ်တွေတော့ ပေါ်ထွက်လာခဲ့ပါပြီ။ မူစီယာလာ၊ ဖလော်ရီယန်ဝစ်ဇ်နဲ့ ကိုင်ဟားဗက်ဇ်တို့က ဂျာမနီရဲ့တိုက်စစ်ပိုင်းကို သစ်လွင်တောက်ပစေနိုင်သလို ယိုယွင်းနေတဲ့ခံစစ်ပိုင်းအတွက်လည်း ဝါရင့်ဂိုးသမားကြီးနူအာ ပါဝင်လာမှုက စိုးရိမ်မှုတွေကို လျှော့ချပေးနိုင်ပါတယ်။

**နယ်သာလန်**
နယ်သာလန်အသင်းက နည်းစနစ်ပိုင်းထူးချွန်သူကစားသမားကောင်းတွေကို ဆက်တိုက်ထုတ်လုပ်ပေးနေဆဲဖြစ်ပြီး လတ်တလောနိုင်ငံတကာပြိုင်ပွဲတွေမှာလည်း အစွမ်းပြနိုင်ခဲ့ပါတယ်။ ဗန်ဒိုက်က အသင်းရဲ့ခံစစ်ပိုင်းကို ဦးဆောင်ထားပြီး မာလန်နဲ့ ရိန်ဒါစ်တို့လို ဖန်တီးမှုနဲ့ လုပ်အားနှုန်းကောင်းမွန်တဲ့ ကစားသမားတွေလည်း ပါဝင်လာပါတယ်။ ကမ္ဘာ့ဖလားဗိုလ်လုပွဲသုံးကြိမ်အထိ တက်လှမ်းနိုင်ခဲ့ပေမဲ့ ချန်ပီယံဆုနဲ့ဝေးကွာခဲ့တဲ့ နယ်သာလန်က ၂၀၂၆ ခုနှစ်မှာ သူတို့ရဲ့ကျိန်စာကို အဆုံးသတ်နိုင်မလားဆိုတာ စောင့်ကြည့်သွားရပါလိမ့်မယ်။

**နော်ဝေ**
နော်ဝေအသင်းက ဒီပြိုင်ပွဲရဲ့ ဖျက်မြင်းဖြစ်လာဖို့ အလားအလာအကောင်းဆုံးအဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။ ဒီအသင်းကို ဟာလန်းလို ကမ္ဘာ့အဆင့်တိုက်စစ်မှူးက ဦးဆောင်လာဖို့ရှိနေပြီး အိုဒီဂတ်ကလည်း ကွင်းလယ်မှတဆင့် ပွဲစဉ်တွေကို ထိန်းကျောင်းသွားနိုင်ပါတယ်။ ပြိုင်ပွဲကြီးတွေနဲ့ နှစ်ပေါင်းများစွာ ဝေးကွာခဲ့ပြီးနောက် နော်ဝေအသင်းက သူတို့ရဲ့တိုက်စစ်စွမ်းဆောင်ရည်ကောင်းနဲ့အတူ ဘယ်ပြိုင်ဘက်မဆို ဒုက္ခပေးလာနိုင်ပြီး နည်းပြဆိုလ်ဘာကန်ကိုယ်တိုင်ကလည်း ကမ္ဘာ့ဖလားပြိုင်ပွဲကို နော်ဝေအသင်း နောက်ဆုံးအကြိမ်ယှဉ်ပြိုင်ခဲ့တဲ့  ၁၉၉၈ ခုနှစ်မှာ ကစားသမားအဖြစ် ပါဝင်ခဲ့ဖူးတဲ့ အတွေ့အကြုံရင့်နည်းပြတစ်ဦး ဖြစ်ပါတယ်။

**ဘယ်လ်ဂျီယံ**
ဘယ်လ်ဂျီယံရဲ့ရွှေရောင်မျိုးဆက်က ပျောက်ကွယ်လုနီးပါး ဖြစ်နေပေမဲ့ သူတို့ဆီမှာ အတွေ့အကြုံရှိကြယ်ပွင့်တွေနဲ့အတူ တိုက်စစ်ပိုင်းအရည်အသွေးတွေ ရှိနေဆဲ ဖြစ်ပါတယ်။ ဒိုကူရဲ့ အရှိန်အဟုန်နဲ့ ဖန်တီးမှုတွေက အသင်းရဲ့စွမ်းဆောင်ရည်ကို ပိုမိုအားကောင်းစေနိုင်ပြီး ဒီဘရိုင်းနားလို ဝါရင့်ကွင်းလယ်ဖန်တီးရှင်လည်း ရှိနေပြန်ပါတယ်။ ဘယ်လ်ဂျီယံအသင်းက ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အထိ တက်လှမ်းခဲ့ဖူးပြီး ခြေစွမ်းပြနိုင်တဲ့နေ့ရက်တွေမှာဆိုရင် ထိပ်တန်းအသင်းတွေတောင် မှင်သက်သွားစေတဲ့အထိ ယှဉ်ပြိုင်နိုင်စွမ်း ရှိပါတယ်။