The network connection is lost.

Banner Image

၂၀၂၆ ကမ္ဘာ့ဖလားမှာ စတင်ကျင့်သုံးမယ့် ဖီဖာအသိအမှတ်ပြု ဘောလုံးစည်းမျဉ်းသစ်များ

အခုလအတွင်း စတင်တော့မယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘောလုံးအားကစားနည်းအပေါ် သက်ရောက်မှုရှိစေမယ့် စည်းမျဉ်းသစ်တွေကို စတင်ကျင့်သုံးပါတော့တယ်။ နိုင်ငံတကာဘောလုံးအဖွဲ့ချုပ်ဘုတ်အဖွဲ့ (IFAB)က အခုကမ္ဘာ့ဖလားပြိုင်ပွဲမှစတင်ကာ တစ်ကမ္ဘာလုံးရှိ ၂၀၂၆-၂၀၂၇ ပြည်တွင်းဘောလုံးရာသီတွေအထိ ဆက်လက်ကျင့်သုံးရမယ့် ဘောလုံးစည်းမျဉ်းပိုင်းပြောင်းလဲမှုတွေကို အတည်ပြုပေးခဲ့ပါတယ်။

ဒီပြောင်းလဲမှုတွေကို ဘောလုံးပွဲစဉ်အရှိန်အဟုန်မြှင့်တင်ဖို့အပြင် ကစားသမားတွေ၊ ပရိသတ်တွေရဲ့ အတွေ့အကြုံကို ပိုမိုကောင်းမွန်စေဖို့ ရည်ရွယ်ပြီး လုပ်ဆောင်ခဲ့ပါတယ်။ ဖီဖာဒိုင်လူကြီးများကော်မတီဥက္ကဋ္ဌကိုလီနာက "ကျွန်တော်တို့ရဲ့အားကစားပွဲကို တတ်နိုင်သမျှ သန့်ရှင်းစင်ကြယ်အောင် ကြိုးစားနေပါတယ်" လို့  ပြောကြားခဲ့ပါတယ်။


**အငြင်းပွားနေချိန်အတွင်း ပါးစပ်ကို ဖုံးအုပ်ပြောဆိုတဲ့ကစားသမားတွေ အရေးယူခံရမယ်**

ချန်ပီယံလိဂ်ပွဲစဉ်အတွင်း ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးဗင်နီစီးယက်စ်က ဘင်ဖီကာကစားသမားပရက်စ်တီယန်နီကို လူမျိုးရေးခွဲခြားသောစကားလုံးတွေသုံးစွဲသူလို့ စွပ်စွဲခဲ့မှုမှတဆင့် ဒီစည်းမျဉ်းသစ် ပေါ်ပေါက်လာခဲ့ပါတယ်။ ပရက်စ်တီယန်နီက  ဘရာဇီးလ်ကြယ်ပွင့်ဆီ တစ်ခုခုပြောဆိုချိန် ပါးစပ်ကို ဖုံးအုပ်ထားခဲ့ပါတယ်။ နောက်ပိုင်းမှာ ပရက်စ်တီယန်နီက လူမျိုးရေးခွဲခြားတဲ့စကားလုံးတွေကို မသုံးစွဲခဲ့ဘဲ လိင်တူချစ်သူတွေအပေါ် စော်ကားနှိမ့်ချတဲ့ စကားလုံးသာဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း သတင်းတွေမှာ ဖော်ပြလာခဲ့ပါတယ်။

နောက်ပိုင်းမှာ ပရက်စ်တီယန်နီကို ခြောက်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ဒီပြစ်ဒဏ်ကို ကမ္ဘာ့ဖလားပြိုင်ပွဲအထိ အကျုံးဝင်စေဖို့ တိုးမြှင့်သတ်မှတ်ခဲ့ပါတယ်။

ကစားသမားအချင်းချင်း ပုံမှန်စကားပြောဆိုတဲ့အခြေအနေမျိုးမှာတော့ ပါးစပ်ဖုံးအုပ်ပြောဆိုခြင်းကို ခွင့်ပြုပေးထားပါတယ်။

"တကယ်လို့ ဒါက ရင်းရင်းနှီးနှီး စကားပြောနေတာမျိုးဆိုရင်တော့ ပြဿနာမရှိဘဲ ဆက်လက်ပြောဆိုနိုင်ပါတယ်" လို့ ကိုလီနာက ပြောကြားခဲ့ပါတယ်။


**လက်ပစ်ဘော၊ ဂိုးလွန်ဘောနဲ့ ကစားသမားလူစားလဲလှယ်မှုတွေမှာ အချိန်ကန့်သတ်ချက် ထားရှိမယ်**

အချိန်ဖြုန်းခြင်းကိုတားဆီးရန်အတွက် ဒိုင်လူကြီးတွေက လက်ပစ်ဘောပေးခြင်း (throw-ins) နဲ့ ဂိုးလွန်ဘောကန်တင်ခြင်း (goal-kicks) အားလုံးအတွက် ၅ စက္ကန့် စတင်ရေတွက်ဖို့ လက်မြှောက်ပြသွားပါမယ်။ လက်ပစ်ဘောမှာ ၅ စက္ကန့်အတွင်း ဘောလုံးကို ကွင်းတွင်းပြန်မထည့်နိုင်ရင် ပြိုင်ဘက်အတွက် လက်ပစ်ဘောအဖြစ် သတ်မှတ်သွားပါလိမ့်မယ်။ တကယ်လို့ ဂိုးလွန်ဘောကန်တင်ခြင်းကို ၅ စက္ကန့်အတွင်း မလုပ်ဆောင်နိုင်ရင်တော့ ပြိုင်ဘက်အသင်းအတွက် ထောင့်ကန်ဘောကို ခွင့်ပြုပေးသွားရပါလိမ့်မယ်။

၂၀၂၅-၂၀၂၆ ဘောလုံးရာသီမစတင်မီ ပွဲကစားနေစဉ်အတွင်း ဂိုးသမားတွေ ဘောလုံးပေးပို့ဖို့အတွက် ၈ စက္ကန့်အချိန်ကန့်သတ်ချက်ကို အတည်ပြုခဲ့ပါတယ်။

လူစားလဲချိန်မှာလည်း ကွင်းဘေးရှိစတုတ္ထဒိုင်လူကြီးက လူစားလဲဘုတ်ကို မြှောက်ပြပြီးတာနဲ့ ကစားသမားတွေအတွက် ကွင်းတွင်းမှထွက်ခွာဖို့ ၁၀ စက္ကန့် အချိန်ရရှိထားသလို ပုံမှန်အတိုင်းပဲ ကွင်းဘေးစည်းနဲ့ အနီးဆုံးနေရာမှ ထွက်ခွာသွားရပါမယ်။ တကယ်လို့ ဒီသတ်မှတ်ချိန်အတွင်း မထွက်ခွာနိုင်ရင် လူစားလဲလှယ်မယ့်အသင်းက လူစားဝင်ကစားသမားကို ကွင်းတွင်းမပို့ဆောင်နိုင်မီ အနည်းဆုံးပွဲကစားချိန် တစ်မိနစ်မှ အနီးဆုံးပွဲကစားမှုရပ်နားချိန်အထိ ကစားသမားတစ်ဦးလျော့အနေအထားဖြင့် ကစားသွားရပါလိမ့်မယ်။

မေဂျာလိဂ် (MLS)ကတော့ ၂၀၂၄ ဘောလုံးရာသီအတွင်း ဒီစည်းမျဉ်းကို စတင်ကျင့်သုံးခဲ့ပါတယ်။

တစ်ခုတည်းသောခြွင်းချက်အဖြစ် ကစားသမားဒဏ်ရာရရှိမှု သို့မဟုတ် လုံခြုံရေးဆိုင်ရာစိုးရိမ်ရမှုတွေပဲ ဖြစ်ပါတယ်။

ကွင်းထဲမှာဆေးကုသမှုခံယူရမယ့်ကစားသမားတွေက ပွဲပြန်လည်စတင်ပြီးနောက် ၁ မိနစ်ကြာအောင် ကွင်းပြင်ပမှာ နေထိုင်သွားရပါမယ်။ ခြွင်းချက်အဖြစ် ဂိုးသမားဒဏ်ရာရရှိမှု၊ ဂိုးသမားနဲ့ အခြားကစားသမားထိခိုက်မှု သို့မဟုတ် အသင်းဖော်အချင်းချင်းတိုက်မိပြီး ဆေးကုသမှုခံယူရတဲ့ အခြေအနေ၊ ပြင်းထန်ဒဏ်ရာရရှိမှု သို့မဟုတ် ဒဏ်ရာရကစားသမားက ပင်နယ်တီကန်သွင်းဖို့ ရှိနေတဲ့ အခြေအနေမျိုးတွေမှာတော့ ကွင်းပြင်ပထွက်စရာ မလိုပါဘူး။

ဂိုးသမားလဲကျပြီးဆေးကုသမှုခံယူနေချိန်အတွင်း အသင်းကစားသမားတွေ နည်းဗျူဟာပိုင်းဆွေးနွေးမှုပြုလုပ်ရန် ကွင်းပြင်ပဆီထွက်ခွာခွင့်ကို လုံး၀ခွင့်မပြုတော့ပါဘူး။


**ပွဲစဉ်တိုင်းမှာ ရေသောက်ချိန်နဲ့ နည်းဗျူဟာပိုင်းဆွေးနွေးချိန် ပေးသွားပါမယ်**

 မိုးလုံလေလုံကွင်းပွဲစဉ်တွေအပါအဝင် ၂၀၂၆ ကမ္ဘာ့ဖလားပွဲစဉ်တိုင်းအတွက် ပွဲကစားချိန် ၄၅ မိနစ်ရဲ့ထက်ဝက်ဖြစ်တဲ့ ပွဲချိန် ၂၃ မိနစ်ခန့်မှာ ရေသောက်ချိန်(water break) တစ်ခုစီ သတ်မှတ်ပေးသွားပါမယ်။

ဒီရပ်နားချိန်တစ်ခုစီက ၃ မိနစ် ကြာမြင့်ပြီး လွန်ခဲ့တဲ့တနင်္ဂနွေနေ့၊ ဆီနီဂေါကို အမေရိကန်အသင်း အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ နည်းပြပိုချက်တီနိုကိုယ်တိုင် အဲ့ဒီရပ်နားချိန်ကို ဘယ်လိုအသုံးချခဲ့လဲဆိုတာ အခြားနည်းပြတွေ မြင်တွေ့ခဲ့မယ်ဆိုရင် ဒါဟာ နည်းဗျူဟာပိုင်းဆွေးနွေးချိန်အဖြစ်လည်း ပါဝင်လာနိုင်သလို ရုပ်သံလိုင်းတွေအတွက်လည်း ကြော်ငြာပိုမိုရောင်းချနိုင်မယ့် အချိန်တစ်ခု ဖြစ်လာပါလိမ့်မယ်။


**VAR စနစ်ကို ပိုမိုတိုးမြှင့်အသုံးပြုမယ်**

ဗီဒီယိုအကူဒိုင်လူကြီး(VAR) စနစ်ကို မူလက သွင်းဂိုးတွေ၊ အနီကတ်ပြသနိုင်တဲ့အခြေအနေတွေနဲ့ ပင်နယ်တီတွေကို ပြန်လည်စစ်ဆေးဖို့ပဲ ရည်ရွယ်ခဲ့ပါတယ်။ အခုတော့ ဒီစနစ်ကို တိုးမြှင့်အသုံးပြုသွားဖို့ ဖြစ်လာပါပြီ။

IFAB က VAR ဝင်ရောက်စွက်ဖက်နိုင်မယ့် အခြေအနေသစ်သုံးခုကို အတည်ပြုပေးခဲ့ပါတယ်။ ဒါတွေကတော့ ကစားသမားတွေရဲ့ဒုတိယအဝါကတ်ပြစ်ဒဏ်မှာ သိသိသာသာမှားယွင်းနေတဲ့ အခြေအနေ၊ အဝါကတ်နဲ့ အနီကတ်ပြသရာမှာ လူမှားယွင်းပြသတဲ့ အခြေအနေ၊ မှားယွင်းပြီး ထောင့်ကန်ဘောသတ်မှတ်ပေးလိုက်တဲ့ အခြေအနေတွေပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ထောင့်ကန်ဘောပေးရမယ့်အစား ဂိုးလွန်ဘောပေးလိုက်တဲ့အခြေအနေမျိုးကိုတော့ VAR ဝင်ရောက်စွတ်ဖက်သွားမှာ မဟုတ်ပါဘူး။

ထောင့်ကန်ဘောအတွက် ဆုံးဖြတ်ချက်တွေမြန်ဆန်ပြီး ပွဲစဉ်နှောင့်နှေးမှုမဖြစ်စေဖို့အတွက်သာ VAR ပါဝင်ဆုံးဖြတ်ပေးသွားမယ်လို့လည်း ကိုလီနာက ပြောကြားခဲ့ပါတယ်။


**ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်ကို ကန့်ကွက်ပြီး ကွင်းပြင်ထွက်သွားရင် ပြန်ဝင်ခွင့်ရဖို့ မမျှော်လင့်ပါနဲ့**

လတ်တလောဖြစ်ရပ်တွေမှတဆင့် ပုံဖော်ခဲ့တဲ့ အခြားစည်းမျဉ်းတစ်ခုကတော့ ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်အပေါ် ကန့်ကွက်ဆန္ဒပြပြီး ကွင်းပြင်ပဆီထွက်ခွာသွားတဲ့ ကစားသမားတွေကို အနီကတ်ပြထုတ်ပယ်သွားဖို့ပဲ ဖြစ်ပါတယ်။ တကယ်လို့ အသင်းတာဝန်ရှိသူတွေကိုယ်တိုင် ကစားသမားတွေကို ကွင်းပြင်ထွက်ဖို့ စည်းရုံးလှုံ့ဆော်ရင်လည်း အနီကတ်ပြသကာ ထုတ်ပယ်သွားပါလိမ့်မယ်။ ဒါ့အပြင် ပွဲစဉ်ကိုစွန့်ခွာသွားတဲ့အသင်းက ရှုံးနိမ့်တဲ့အသင်းအဖြစ် သတ်မှတ်ခံရပါလိမ့်မယ်။

ဒီဆုံးဖြတ်ချက်က ပြီးခဲ့တဲ့ဇန်နဝါရီလ၊ အာဖရိကဖလားဗိုလ်လုပွဲမှာ မော်ရိုကိုအသင်းကို နာကျင်အချိန်ပို ပင်နယ်တီပေးခဲ့မှုအပေါ် ဆန္ဒပြပြီး ဆီနီဂေါအသင်းကွင်းပြင်ထွက်သွားခဲ့တဲ့ ဖြစ်ရပ်အပြီး ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ဆီနီဂေါအသင်းက ၁၆ မိနစ်အကြာမှာ ကွင်းတွင်းပြန်ဝင်ကာ အချိန်ပိုကစားပြီး ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း အာဖရိကဘောလုံးအဖွဲ့ချုပ်က ဆီနီဂေါရဲ့ပွဲစဉ်စွန့်ခွာမှုကြောင့် မော်ရိုကိုအသင်း ၃-၀ ဂိုးဖြင့် အနိုင်ရရှိတယ်လို့ ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။ ဆီနီဂေါအသင်းကတော့ အဲဒီဆုံးဖြတ်ချက်အပေါ် အယူခံဝင်ထားပါတယ်။


**လူကျွံဘောအလံထောင်ဖို့ နောက်ကျခြင်းတွေ ရှိတော့မည်မဟုတ်**

၂၀၂၆ ကမ္ဘာ့ဖလားမှာအသုံးပြုမယ့် နည်းပညာအသစ်ကို မိတ်ဆက်ပေးခဲ့ပြီးနောက် လူကျွံဘောအလံထောင်ဖို့ နောက်ကျခြင်းဆိုတာ အတိတ်မှာချန်ထားရမယ့် အရာတစ်ခု ဖြစ်လာပါတော့မယ်။

ဖီဖာက ဆုံးဖြတ်ချက်တွေ ပိုမိုမြန်ဆန်စေဖို့နဲ့ စည်းကြပ်ဒိုင်တွေ ပွဲရပ်နားတဲ့အချိန်အထိ မစောင့်ဆိုင်းတော့ဘဲ ချက်ချင်းအလံထောင်နိုင်ဖို့ ဗီဒီယိုအကူဒိုင်လူကြီး(VAR)အတွက် ခေတ်မီတစိတ်တပိုင်းလူကျွံဘောခြေရာခံနည်းပညာ(semi-automated offside) ကို မိတ်ဆက်သွားပါတယ်။

ဒီစနစ်မှာ ကစားသမားတစ်ဦးက ၁၀ စင်တီမီတာထက် ပိုမိုလူကျွံနေရင် စည်းကြပ်ဒိုင်ဆီ အချိန်နှင့်တပြေးညီအသံလှိုင်းသတိပေးချက်တစ်ခု ပေးပို့သွားပါလိမ့်မယ်။

ယခင်ကလပ်ကမ္ဘာ့ဖလားနဲ့ အင်တာကွန်တီနန်တယ်လ်ဖလားပြိုင်ပွဲတွေမှာ စမ်းသပ်ခဲ့တဲ့ နည်းပညာတွေကတော့ ကစားသမားတစ်ဦး ၅၀ စင်တီမီတာထက် ပိုမိုပြီးလူကျွံနေမှသာ တာဝန်ရှိသူဆီ အသိပေးချက်ပေးပို့ခဲ့ပါတယ်။

စည်းကြပ်ဒိုင်က ဘယ်အချိန်မှာ အလံထောင်ရမလဲ၊ ပွဲကို ဘယ်အချိန်မှာရပ်ရမလဲဆိုတာကို ကိုယ်တိုင် ဆုံးဖြတ်ခွင့်ရှိနေဆဲ ဖြစ်ပါတယ်။ နည်းပညာချို့ယွင်းနေတယ်လို့ သံသယရှိရင်တော့ အလံမထောင်ဘဲ နေနိုင်ပေမဲ့ ဖီဖာကတော့ အမှားအယွင်းမရှိစေဖို့အတွက် နည်းပညာထဲမှာ အရန်ကာကွယ်မှု စနစ်များစွာ ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။

ဒီနည်းပညာက ကစားသမားတွေ မြေပြင်ပေါ်ရောက်ရှိနေချိန် သို့မဟုတ် ကစားသမားအချင်းချင်း အလွန်နီးကပ်စွာ ရှိနေချိန်အတွက် ကန့်သတ်ချက်အချို့ ရှိနေပြီး အတော်လေးကပ်သီးကပ်တပ်နိုင်တဲ့လူကျွံဘောတွေကိုတော့ မရှာဖွေပေးနိုင်ပါဘူး။

ဒါကို တည်နေရာအရ လူကျွံဘောဖြစ်တဲ့အခြေအနေတွေမှာသာ အသုံးပြုနိုင်ပြီး ဘောလုံးကိုမထိဘဲကစားသမားတစ်ဦးက ပြိုင်ဘက်ကို အနှောင့်အယှက်ပေးမှု ရှိ၊ မရှိ ဆုံးဖြတ်ရတဲ့ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်တဲ့ အခြေအနေတွေမှာတော့ မသုံးစွဲနိုင်ပါဘူး။

ဒီနည်းပညာနဲ့အတူ ဖီဖာက ပရိသတ်တွေနဲ့ ကစားသမားတွေရဲ့ စိတ်ပျက်စရာခံစားချက်အချို့ကို ဖယ်ရှားပေးနိုင်ဖို့ မျှော်လင့်ထားသလို လူကျွံဘောအလံထောင်ဖို့ နောက်ကျခြင်းကြောင့် မလိုအပ်ဘဲ ကစားရင်း ဒဏ်ရာရရှိမှုအခွင့်အလမ်းတွေကိုလည်း လျှော့ချပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်။

၂၀၂၅ ခုနှစ်၊ မေလအတွင်း စည်းကြပ်ဒိုင်ရဲ့ လူကျွံဘောအလံထောင်ပြဖို့ နောက်ကျခဲ့မှုကြောင့် နော်တင်ဟမ်ဖောရက်စ်တိုက်စစ်မှူးအဝိုနီယီ ဂိုးတိုင်နဲ့တိုက်မိခဲ့ပြီး သတိမေ့မြောသွားလို့ ဆေးကုသမှု ခံယူခဲ့ရဖူးပါတယ်။


**ကွင်းပြင်ပဆီ ဘောလုံးထွက်သွားခြင်းနဲ့ ကွင်းလယ်အမြင်အာရုံနည်းပညာသစ်များ**

ဖီဖာက ဂိုးမသွင်းယူနိုင်ခင် ကွင်းပြင်ပဆီ ဘောလုံးထွက်သွားခြင်း ရှိ၊ မရှိ ဆုံးဖြတ်နိုင်မယ့် နည်းပညာကိုလည်း အသုံးပြုရန် အတည်ပြုခဲ့ပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလ၊ ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်မှာ အက်စတွန်ဗီလာအသင်းအတွက် ကွင်းပြင်ပ ဘောလုံးထွက်သွားခြင်း ရှိ၊မရှိ အငြင်းပွားဖွယ်အခြေအနေအောက်မှာ သွင်းဂိုးတစ်ဂိုး ငြင်းပယ်ခံခဲ့ရဖူးပါတယ်။

ဂိုးစည်းနည်းပညာ (goalline technology) လိုပဲ ဘောလုံးရဲ့တိကျတဲ့တည်နေရာကို ပြသနိုင်မယ့် 3D ကာတွန်းဖန်တီးမှုကို ပြုလုပ်ပေးသွားပါမယ်။

ဘောလုံးအတွင်းရှိ ချစ်ပ်ပြားက ဘောလုံးကို နောက်ဆုံးထိခဲ့တဲ့ကစားသမား ဘယ်သူလဲဆိုတာကို အသိပေးပြီး ဒါက VAR ရဲ့ထောင့်ကန်ဘောဆုံးဖြတ်ချက်အပေါ် ကူညီပေးနိုင်ပါလိမ့်မယ်။

ဖီဖာက လူကျွံဘောအခြေအနေမှာ ဂိုးသမားရဲ့အမြင်အာရုံအပေါ် အနှောင့်အယှက်ပြုခြင်း ရှိ၊မရှိ ပိုမိုမြန်ဆန်ပြီး ရှင်းရှင်းလင်းလင်းဆုံးဖြတ်နိုင်ဖို့အတွက် 'Real-time 3D Recreation' (အချိန်နှင့်တပြေးညီ 3D ပြန်လည်ပုံဖော်ခြင်း) နည်းပညာကိုလည်း တိုးချဲ့အသုံးပြုခဲ့ပါတယ်။

ဒါက VAR ဒိုင်တွေနဲ့ ရုပ်သံကြည့်ရှုသူတွေအတွက် ဂိုးသမားနှစ်ဦးလုံးရဲ့အမြင်အာရုံရှုထောင့်မှတဆင့်  မြင်တွေ့နိုင်မယ့် virtual feeds (အမြင်အာရုံတုပြသစနစ်) နှစ်ခုကို ပံ့ပိုးပေးထားပါတယ်။

ဒီရာသီမှာ ဂိုးသမားရဲ့အမြင်အာရုံကိုပိတ်ဆို့ထားတဲ့ လူကျွံဘောအငြင်းပွားဖွယ်ရာအခြေအနေတွေ အများကြီး ရှိခဲ့ဖူးပြီး VAR ဒိုင်တွေ ဆုံးဖြတ်ချက်ချဖို့အတွက် အပိုဆောင်း ကိရိယာတစ်ခုအဖြစ် ဒီနည်းပညာက ကူညီပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။