The network connection is lost.

Banner Image

ပီအက်စ်ဂျီရဲ့စိတ်ဝင်စားမှု ရှိနေပေမဲ့ ဒီအိုမန်ဒီကို ခေါ်ယူဖို့ အလားအလာကောင်းနေတဲ့ လီဗာပူး

လီဗာပူးအသင်းက ကမ္ဘာ့ဘောလုံးလောကရဲ့အလားအလာအရှိဆုံးလူငယ်ကစားသမားတွေအနက် တစ်ဦးဖြစ်တဲ့ လိုက်ပ်ဇစ်တောင်ပံကစားသမားဒီအိုမန်ဒီကို ခေါ်ယူဖို့ အပြင်းအထန်ကြိုးပမ်းနေပါတယ်။

အန်ဖီးလ်မှာ ၉ နှစ်ကြာဖြတ်သန်းခဲ့ချိန်အတွင်း ပရီးမီးယားလိဂ်ခံစစ်တွေကို အကောင်းဆုံးဒုက္ခပေးနိုင်ခဲ့တဲ့ မိုဆာလက်ကို မကြာခင်လက်လွှတ်ရဖို့ရှိနေလို့ လီဗာပူးအသင်းရဲ့ညာတောင်ပံတိုက်စစ်နေရာမှာ ကြီးမားတဲ့ဟာကွက်တစ်ခု ရှိလာပါလိမ့်မယ်။

ဒါပေမဲ့ သူ့နေရာမှာ ပုံစံတူကစားသမားတစ်ဦးရှာဖွေမယ့်အစား တောင်ပံတိုက်စစ်နေရာစုံကစားနိုင်တဲ့ ဒီအိုမန်ဒီရဲ့စွယ်စုံရအရည်အသွေးက အသင်းအတွက် ကြီးမားတဲ့အားသာချက်တစ်ခု ဖြစ်လာလိမ့်မယ်လို့ လီဗာပူးအသင်းဘက်က ယုံကြည်နေပါတယ်။

ဒါပေမဲ့ အသက် ၁၉ နှစ်အရွယ်ကစားသမားအတွက် ဆွေးနွေးမှုတွေမှာ သူတို့ကြုံတွေ့ရမယ့် အကြီးမားဆုံးပြဿနာကတော့ လိုက်ပ်ဇစ်အသင်းရဲ့အပြောင်းအရွှေ့အတွက် စိတ်မဝင်စားမှုနဲ့ ပီအက်စ်ဂျီရဲ့ကစားသမားကိုခေါ်ယူဖို့ စိတ်ဝင်စားနေမှုပဲ ဖြစ်ပါတယ်။

လတ်တလောမှာ ဒီအိုမန်ဒီကလည်း ပီအက်စ်ဂျီကို ဘောလုံးပရိသတ်တစ်ဦးအဖြစ် အားကျရတဲ့ အသင်းတစ်ခုဖြစ်ပြီး သူ့ရဲ့ဖခင်ကိုယ်တိုင်လည်း အဲဒီအသင်းကို အားပေးတယ်လို့ ဝန်ခံပြောကြားခဲ့လို့လူငယ်ကြယ်ပွင့်ကိုခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ လီဗာပူးအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်စေခဲ့ပါတယ်။

ဒါပေမဲ့ နာမည်ကျော်သတင်းထောက်ဒေးဗစ်အွန်စတိန်းက ချန်ပီယံလိဂ်ဆွတ်ခူးထားတဲ့အသင်း (ပီအက်စ်ဂျီ)အတွက် ဒီအိုမန်ဒီကိုခေါ်ယူဖို့ဆိုတာ မသေချာသေးဘဲ ဒီကစားသမားနဲ့ဆွေးနွေးရာမှာ မာဆေးဆိုဒ်ကလပ်အသင်းကြီး(လီဗာပူး)သာ "အလားအလာအကောင်းဆုံး အနေအထားမှာ" ရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

လိုက်ပ်ဇစ်အသင်းက ဒီအိုင်ဗရီကို့စ်လက်ရွေးစင်ကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၀၄ သန်းအထိ လိုချင်နေတယ်လို့ သိရပါတယ်။ ဒီအိုမန်ဒီက ဘွန်ဒက်စ်လီဂါကလပ်အသင်းအတွက် ၃၆ ပွဲ ပါဝင်ကစားခဲ့ရာမှာ အံ့အားသင့်စရာကောင်းလောက်အောင် ဂိုးပါဝင်ပတ်သက်မှု ၂၃ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီး အနာဂတ်မှာလည်း စွမ်းဆောင်ရည်ပိုင်း ပိုမိုကောင်းမွန်လာဖို့ ရှိနေပါတယ်။