မာတေးယက်စ် ဖာနန်ဒက်စ်ကို လိုချင်ရင် ပေါင်သန်း ၈၀ ပေးရမယ်လို့ ဝက်စ်ဟမ်း အသိပေး
ဝက်စ်ဟမ်းအသင်းက သူတို့ရဲ့ ကွင်းလယ်လူ မာတေးယက်စ် ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေကို ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း ၈၀ ပေးချေရမယ်လို့ အသိပေးလိုက်ကြောင်း သိရပါတယ်။
အသက် ၂၁ နှစ်အရွယ် ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ရာသီက တန်းဆင်းသွားခဲ့တဲ့ ဝက်စ်ဟမ်းအသင်းအတွက် ကွင်းလယ်ဗဟိုနေရာကနေ ၃၈ ပွဲ ကစားပေးခဲ့ပြီး သွင်းဂိုး ၄ ဂိုးနဲ့ ဖန်တီးမှု ၄ ကြိမ် ပြုလုပ်နိုင်ခဲ့ကာ သူ့ရဲ့ အစွမ်းအစတွေကို ထုတ်ပြနိုင်ခဲ့သူ ဖြစ်ပါတယ်။
ဒါပေမဲ့ ဝက်စ်ဟမ်းအသင်း ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားခဲ့ရတာကြောင့် ပေါ်တူဂီလက်ရွေးစင်ကစားသမားဟာ ဒီနွေရာသီမှာ အသင်းကနေ ထွက်ခွာသွားဖို့ ပိုပြီး သေချာနေပါတယ်။
The Athletic သတင်းဌာနရဲ့ ဖော်ပြချက်အရ ဖာနန်ဒက်စ်ကို ခေါ်ယူလိုတဲ့ အသင်းတွေအနေနဲ့ ပေါင်သန်း ၈၀ ပေးရမယ်လို့ ဝက်စ်ဟမ်းဘက်က ပြောကြားထားတယ်လို့ သိရပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ အခုနွေရာသီမှာ ကစားသမားတွေ ရောင်းချမှုကနေ ပေါင်သန်း ၁၅၀ ရရှိဖို့ လိုအပ်နေတာကြောင့် ဖာနန်ဒက်စ်က အသင်းအတွက် ဈေးအကောင်းဆုံး ရနိုင်တဲ့ ကစားသမားတစ်ဦး ဖြစ်နေပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းက ဖာနန်ဒက်စ်ကို အတော်လေး စိတ်ဝင်စားနေပြီး ပြောင်းရွှေ့ကြေးနဲ့ လစာကိစ္စတွေအတွက် ကစားသမားနဲ့ ဆွေးနွေးမှုတွေတောင် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ ဥရောပချန်ပီယံ PSG အသင်းကလည်း သူ့ရဲ့ အခြေအနေကို စောင့်ကြည့်နေပါတယ်။