The network connection is lost.

Banner Image

ယူနိုက်တက်ရဲ့နွေရာသီအပြောင်းအရွှေ့အစီအစဉ်တွေနဲ့ပတ်သက်ပြီး ဖွင့်ဟလာတဲ့ ဘာရဒါ

 မန်ချက်စတာယူနိုက်တက် အမှုဆောင်ချုပ် အိုမာ ဘာရဒါက အခုလာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အရင်ကလို အမှားမျိုးတွေကို ထပ်မလုပ်ဖို့ မျှော်လင့်နေပါတယ်။

မိုက်ကယ် ကားရစ်ရဲ့ လက်ထက်မှာ မန်ယူအသင်းဟာ ၂၀၂၅-၂၆ ပရီးမီးယားလိဂ် ရာသီမှာ အဆင့် ၃ နဲ့ အဆုံးသတ်နိုင်ခဲ့ပြီး ချန်ပီယံလိဂ်ကို ပြန်လည် ဝင်ရောက်နိုင်ခဲ့တာပါ။

အဲဒီလို အောင်မြင်မှုရခဲ့တာက ၂၀၂၅ နွေရာသီ အပြောင်းအရွှေ့မှာ မားသီးယပ်စ် ကွန်ညာ၊ ဘရိုင်ယန် အမ်ဘူမိုနဲ့ ဘင်ဂျမင် ရှက်စကို တို့လို ကစားသမားတွေကို ခေါ်ယူနိုင်ခဲ့တာက အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့လို့ ဖြစ်ပါတယ်။ သူတို့အားလုံးဟာ အသင်းမှာ ချက်ချင်းဆိုသလို အသားကျပြီး ခြေစွမ်းပြနိုင်ခဲ့ကြပါတယ်။

ကလပ်ရဲ့ တရားဝင် Inside Carrington ပေါ့တ်ကတ်စ်မှာ ပြောကြားရာမှာတော့ ဘာရဒါက အခုတစ်ခေါက်မှာလည်း အရင်ကလို ပုံစံအတိုင်းပဲ လုပ်ဆောင်သွားဖို့ ရှိတယ်လို့ အတည်ပြုခဲ့ပါတယ်။

"အရင်နှစ် နွေရာသီက ကျွန်တော်တို့ လုပ်ခဲ့တဲ့ ပုံစံအတိုင်းပဲ ဒီတစ်ခေါက်လည်း ထပ်လုပ်သွားမှာပါ" လို့ သူက ဆိုပါတယ်။

"အပြောင်းအရွှေ့ ဈေးကွက်တစ်ခုထဲကို ဝင်တဲ့အခါ ဘာတွေ ဖြစ်လာမလဲဆိုတာ ကြိုမသိနိုင်ပေမဲ့ ကြိုတင်ပြင်ဆင်မှုတော့ အပြည့်ရှိနေရပါမယ်။ ရှင်းလင်းတဲ့ အစီအစဉ် ရှိရမယ်၊ ဘယ်နေရာတွေကို အင်အားဖြည့်ဖို့ လိုသလဲဆိုတာ အတိအကျ သိထားရမယ်၊ နောက်ပြီး ဘာပဲဖြစ်လာလာ ရင်ဆိုင်နိုင်ဖို့ အဆင်သင့် ဖြစ်နေရပါမယ်။ ကျွန်တော်တို့ မမျှော်လင့်ထားတဲ့ ထွက်ခွာမှုတွေ ရှိနိုင်သလို၊ ဈေးကွက်အစမှာ မရှိခဲ့တဲ့ အခွင့်အရေးကောင်းတွေလည်း ပေါ်လာနိုင်ပါတယ်"

"ကျွန်တော်တို့ တကယ်ကို စည်းကမ်းရှိဖို့ လိုပါတယ်၊ ဒါက ရိုးရိုးလေးပါပဲ။ ကျွန်တော်တို့မှာ အစီအစဉ် ရှိတယ်၊ ဘယ်လောက်အထိ ရင်းနှီးမြှုပ်နှံနိုင်မလဲဆိုတာ သိတယ်၊ အဲဒီအတိုင်းပဲ အခိုင်အမာ ဆုပ်ကိုင်ထားရပါမယ်။ တချို့ကိစ္စတွေမှာတော့ လာမယ့် ၂ နှစ်၊ ၃ နှစ်အတွက်တင် မဟုတ်ဘဲ နောက်ထပ် ၁၀ နှစ်လောက်အထိ အကျိုးရှိမယ့် ရင်းနှီးမြှုပ်နှံမှုမျိုးကို လုပ်ဖို့ ဆုံးဖြတ်ကောင်း ဆုံးဖြတ်ရပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဘာကို ဦးတည်နေသလဲဆိုတာကိုပဲ အာရုံစိုက်ဖို့ လိုပါတယ်။ ဈေးကွက် အခြေအနေတွေ ဒါမှမဟုတ် အေးဂျင့်တွေက ကျွန်တော်တို့ ဘာလုပ်သင့်တယ်ဆိုတာကို လာပြီး ခြယ်လှယ်တာမျိုး မဖြစ်အောင် ထိန်းဖို့က အရမ်း အရေးကြီးပါတယ်" လို့ ဘာရဒါက ဖြည့်စွက် ပြောကြားခဲ့ပါတယ်။