နည်းပြသစ်နေရာအတွက် အာဘီလိုအာကို ပယ်ချခဲ့တဲ့ လေဗာကူဆင်
လေဗာကူဆင်အသင်းက နည်းပြသစ်ရှာပုံတော်ဖွင့်နေချိန် အာဘီလိုအာကို ခန့်အပ်နိုင်မယ့်အခွင့်အရေး ရရှိခဲ့ပေမဲ့ ပယ်ချခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။
လေဗာကူဆင်အသင်းအတွက် ၂၀၂၅-၂၀၂၆ ရာသီဟာ စိတ်ဝင်စားစရာ ကောင်းခဲ့ပြီး မန်ချက်စတာယူနိုက်တက်နည်းပြဟောင်းတန်ဟက်နဲ့ ရာသီကိုစတင်ခဲ့ပေမဲ့ ပွဲစဉ်နှစ်ခုလောက်ကစားပြီးချိန်မှာပဲ သူ့ကို ရာထူးမှ ထုတ်ပယ်ခဲ့ပါတယ်။
အဲဒီနောက် လေဗာကူဆင်က ကက်စပါဟူးမန်းကို ခန့်အပ်ခဲ့ပေမဲ့ ရာသီကုန်ချန်ပီယံလိဂ်ဝင်ခွင့်နဲ့လွဲချော်ခဲ့လို့ ဒီနည်းပြလည်း အခုနွေရာသီမှာ အသင်းမှထွက်ခွာရဖို့ ရှိနေပါတယ်။
ဂျာမန်ကလပ်က လီဗာပူးနည်းပြသစ်ဖြစ်လာဖို့ အလားအလာကောင်းနေတဲ့ အီရာအိုလာ၊ လိုအပ်တဲ့ စာရွက်စာတမ်းမပြည့်စုံတဲ့ ဖိလစ်ပီလူးဝစ်တို့နဲ့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။
ဂျာမန်သတင်းစာ Bild ရဲ့ ဖော်ပြချက်အရ လက်ရှိမှာ ရီးရဲလ်မက်ဒရစ်မှထွက်ခွာလာတဲ့ အသက် ၄၃ နှစ်အရွယ်အာဘီလိုအာကို နည်းပြအဖြစ် ခန့်အပ်ဖို့ လေဗာကူဆင်က ထပ်မံငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။
အာဘီလိုအာရဲ့သမိုင်းကြောင်းနောက်ခံတွေ ကောင်းမွန်ပေမဲ့လည်း လေဗာကူဆင်အသင်းကတော့ စပိန်သားကို အသင်းအတွက် စစ်မှန်တဲ့ဦးဆောင်သူဖြစ်လာနိုင်ပါ့မလားဆိုပြီး သံသယရှိနေခဲ့ပါတယ်။