The network connection is lost.

Banner Image

အင်္ဂလန်ပရိသတ်တွေဆီ အရေးကြီးသတင်းစကားတစ်ခု ပေးပို့လာတဲ့ တူချယ်

အင်္ဂလန်အသင်းနည်းပြသောမတ်စ်တူချယ်က ကမ္ဘာ့ဖလားချန်ပီယံဖြစ်လာဖို့ ရည်မှန်းထားသလို ပရိသတ်တွေဆီလည်း ရှင်းလင်းပြတ်သားတဲ့ သတင်းစကားတစ်ခု ပေးပို့လိုက်ပါတယ်။

၁၉၆၆ ခုနှစ်၊ တစ်ကြိမ်တည်းသောကမ္ဘာ့ဖလားချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက်ပိုင်း အင်္ဂလန်အသင်းအတွက် နာကျင်စရာအခိုက်အတန့်က နှစ်ပေါင်း ၆၀ ကြာမြင့်ခဲ့ပြီး အခုနွေရာသီမှာတော့ ဒီသမိုင်းကြောင်းကို ပြောင်းလဲပစ်ဖို့ ရည်မှန်းထားပါတယ်။

အင်္ဂလန်အသင်းက အုပ်စု (L) မှာ ခရိုအေးရှား၊ ဂါနာ၊ ပနားမားတို့နဲ့အတူ ကျရောက်နေပြီး ဒါက နောက်တစ်ဆင့်တက်ရောက်ဖို့ တူချယ်ရဲ့အသင်းအတွက် လွယ်ကူတဲ့အခြေအနေကို ဖြစ်ပေါ်စေပါတယ်။

လက်ရွေးစင်ကစားသမား ၂၆ ဦးပါ အင်္ဂလန်အသင်းက ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုနဲ့ အသားကျစေဖို့အတွက် ဖလော်ရီဒါပြည်နယ်၊ ဝက်စ်ပမ်းဘိချ် (West Palm Beach) ဆီ အခုသီတင်းပတ်အတွင်း ရောက်ရှိလာခဲ့ပါတယ်။

အခုသီတင်းပတ်ပိတ်ရက်၊ နယူးဇီလန်နဲ့ ခြေစမ်းပွဲမတိုင်ခင် တူချယ်က ပရိသတ်တွေဆီ သတင်းစကား ပါးခဲ့ပြီး ချန်ပီယံဖြစ်ဖို့ ဘာတွေလိုအပ်လဲဆိုတာ သူ အတိအကျ သိထားတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

"ကျွန်တော်တို့ ဒီကိုရောက်နေရတဲ့ရည်မှန်းချက်က တကယ်ကို ရှင်းရှင်းလင်းလင်း ရှိပါတယ်။ ကျွန်တော်တို့ ကမ္ဘာ့ချန်ပီယံဖြစ်ချင်ပါတယ်။ ကျွန်တော်တို့ရဲ့ဂျာစီအင်္ကျီပေါ်မှာ ဒုတိယမြောက် ကြယ်ပွင့်ကို ထည့်ချင်ပါတယ်။ ဒါကို ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်းပြောဆိုဖို့လည်း လိုအပ်ပါတယ်။ ကျွန်တော်တို့ရဲ့ရည်မှန်းချက်က အင်္ကျီပေါ်မှာ ဒုတိယမြောက် ကြယ်ပွင့်တပ်ဖို့ပါပဲ။"

"ကမ္ဘာ့ဖလားရရှိခဲ့ဖူးတဲ့ ကစားသမားတစ်ဦးနဲ့ ကျွန်တော် စကားပြောခဲ့ပါတယ်။ သူက ပြိုင်ပွဲနှစ်ခုမှာ ကစားခဲ့ဖူးပြီး ကွာတားဖိုင်နယ်နဲ့ ဗိုလ်လုပွဲအကြား ကွာခြားချက်ကို ပြောပြပါတယ်။ သူကတော့ ကစားပုံအရည်အသွေးချင်း အတူတူပဲလို့ ရှင်းပြပါတယ်"

"ဒါပေမဲ့ သူတို့တွေ တစ်ဦးနဲ့တစ်ဦး ညီအစ်ကိုတွေလို စည်းလုံးသွားကြချိန် တစ်ဦးအတွက် တစ်ဦး အသက်ပေးဖို့အထိ အဆင်သင့်ဖြစ်သွားကြပါတယ်။ အကယ်၍ စခန်းသွင်းလေ့ကျင့်ချိန် နှစ်လလောက်ရရှိရင် ပြဿနာမရှိပါဘူး။ နှစ်လလောက်ဆိုရင် အဆင်ပြေပါတယ်။ ကဲ...အားလုံးပဲ၊ ထူးခြားတဲ့အရာတစ်ခုကို ဖန်တီးကြရအောင်"လို့ တူချယ်က တိုက်တွန်းခဲ့ပါတယ်။

အင်္ဂလန်အသင်းက စနေနေ့၊ တမ်ပါမြို့မှာ နယူးဇီလန်နဲ့ ကစားပြီးနောက် လာမယ့်သီတင်းပတ်၊ဗုဒ္ဓဟူးနေ့၊ အော်လန်ဒိုမြို့မှာ ကော်စတာရီကာနဲ့ ခြေစမ်းသွားပါမယ်။