The network connection is lost.

Banner Image

ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲဖို့အတွက် အင်္ဂလန်အသင်း အဓိကကျော်ဖြတ်ရမယ့် စိန်ခေါ်မှုတစ်ခုကို တူချယ်ညွှန်ပြ

ပူပြင်းခြောက်သွေ့ပြီး စိုထိုင်းဆများတဲ့ ရာသီဥတုအခြေအနေကို မဖြစ်မနေကျော်ဖြတ်ရနိုင်လို့ အခက်အခဲတွေသေချာပေါက်ရှိနိုင်ပေမဲ့ အင်္ဂလန်အသင်းဟာ သူတို့ရဲ့ စွမ်းဆောင်ရည်အပေါ် အပြည့်အဝ ယုံကြည်မှုရှိပြီး ကမ္ဘာ့ဖလားမှာ ခရီးရောက်နိုင်သလောက်ရောက်ရှိအောင် သွားနိုင်လိမ့်မယ်လို့ နည်းပြတူချယ်က တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။

အင်္ဂလန်လက်ရွေးစင်ကစားသမားအများစုက ပူပြင်းတဲ့ရာသီဥတုနဲ့ အသားကျစေမယ့် ၁၀ ရက်ကြာစခန်းသွင်းလေ့ကျင့်မှုအတွက် တနင်္လာနေ့၊ ညနေပိုင်းမှာ မိုင်ယာမီမြို့ဆီ လေယာဉ်ခရီးစဉ်ဖြင့် ထွက်ခွာပါလိမ့်မယ်။

အာဆင်နယ်ကစားသမားတွေဖြစ်တဲ့ ဆာကာ၊ ဒီကလန်ရိုက်စ်၊ မာဒူကီနဲ့ အီဇီတို့က ဘူဒါပက်စ်မှာ ပီအက်စ်ဂျီကိုအရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကြောင့် အနားယူချိန်ပိုမိုရရှိထားလို့ သူတို့ရဲ့ခရီးစဉ်ကို ရွှေ့ဆိုင်းထားပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်၊ ကွန်ဖရင့်လိဂ်ဗိုလ်လုပွဲမှာ အနိုင်ရရှိအောင် ကူညီပေးခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ် ဂိုးသမားဒင်းဟန်ဒါဆန်ကလည်း လက်ရွေးစင်အသင်းနဲ့ပူးပေါင်းမှု နောက်ကျဖွယ်ရှိပြီး စနေနေ့၊ တမ်ပါမြို့မှာ နယူးဇီလန်နဲ့ခြေစမ်းပွဲစဉ်ကို လွဲချော်သွားပါမယ်။

အမေရိကတိုက်နဲ့ ကာရစ်ဘီယံဒေသတွေမှာ အားလပ်ရက် အပန်းဖြေနေကြတဲ့ ကျန်တဲ့ကစားသမား ၂၁ ဦးကတော့ ဝက်စ်ပမ်းဘိချ် (West Palm Beach) မှာ  အသင်းနဲ့ပူးပေါင်းကြပါလိမ့်မယ်။

" တည်ဆောက်ထားပြီးသားအရာတွေနဲ့အတူ ဖလော်ရီဒါမှာ အသင်းနဲ့ပြန်ဆုံဆည်းချိန် လေ့ကျင့်ရေးအစီအစဉ်တွေ၊ အစည်းအဝေးတွေ လုပ်သွားပါမယ်။ အရည်အသွေးတွေ အများကြီးရှိတယ်ဆိုတာ မြင်တွေ့ခဲ့ပြီးပါပြီ" လို့ အင်္ဂလန်နည်းပြတူချယ်က Sky Sports ဆီ ပြောကြားခဲ့ပါတယ်။

"အဲဒါက ကျွန်တော်တို့ကို ပြိုင်ပွဲမှာ ခရီးဝေးဝေးအထိ သွားနိုင်လိမ့်မယ်ဆိုတဲ့ အပြည့်အဝယုံကြည်မှုနဲ့ စိတ်လှုပ်ရှားမှုတွေကို ချက်ချင်းဖြစ်ပေါ်စေခဲ့ပါတယ်"လို့ သူက ဆက်ပြောပါတယ်။

ရှည်လျားပြီး ပင်ပန်းလှတဲ့ ကလပ်အသင်းဘောလုံးရာသီအပြီး ပူပြင်းတဲ့ရာသီဥတုအခြေအနေက အင်္ဂလန်အသင်းအတွက်  မျက်နှာသာပေးသွားဖို့ မရှိဘူးဆိုတာကို တူချယ် သိရှိနားလည်ထားပါတယ်။

"ကျွန်တော်တို့က ဒီလိုပူပြင်းခြောက်သွေ့ပြီး စိုထိုင်းဆများတဲ့ ရာသီဥတုမျိုးနဲ့ အသားမကျပါဘူး။ မက္ကဆီကိုမှာ ကစားရမယ်ဆိုရင်လည်း မြင့်မားတဲ့လေထုဖိအားဒဏ် ရှိနေပါတယ်။ ဒီကမ္ဘာ့ဖလားမှာ စိန်ခေါ်မှုတွေ အများကြီးရှိလာနိုင်ပြီး အပူဒဏ်လည်း စိန်ခေါ်မှုတစ်ခုအဖြစ် ပါဝင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အဆင်သင့် ပြင်ဆင်ထားပြီးပါပြီ" လို့ သူက ဆိုပါတယ်။

"ကစားသမားတစ်ဦးချင်းစီရဲ့အပူဒဏ်အပေါ် တုံ့ပြန်ပုံတွေကို ကျွန်တော်တို့ သိထားသလို အအေးပေးနိုင်မယ့် နည်းဗျူဟာတွေကိုလည်း ပြင်ဆင်ထားပါတယ်။ ကစားသမားတွေ အသားကျစေဖို့အတွက် ဖြေရှင်းနည်းတွေ ရှာဖွေရာမှာ ဗြိတိန်အိုလံပစ်အသင်းနဲ့ ကမ္ဘာတစ်ဝှမ်းကျွမ်းကျင်ပညာရှင်တွေဆီမှ အကူအညီ ရယူခဲ့ပါတယ်"

"လေ့ကျင့်ရေးစခန်းမှာတော့ ကစားသမားတွေကို နေပူထဲမှာ ဘယ်လောက်ကြာကြာထားမလဲ၊ နေပူထဲလေ့ကျင့်ခန်းဆင်းဖို့ ဘယ်အချိန်အကောင်းဆုံးလဲဆိုတာကို အတိအကျသိထားသလို အလွန်အမင်း ဖြစ်မသွားအောင်လည်း ထိန်းသိမ်းသွားပါမယ်"လို့ တူချယ်က ဆက်ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ကျင်းပခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဇွန်-ဇူလိုင်လ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကာလမှာလည်း ပူပြင်းလှတဲ့ ရာသီဥတုဒဏ်ကြောင့် အပူဒဏ်ခံစားရမှု၊ ရေဓာတ်ခမ်းခြောက်မှုနဲ့ ပင်ပန်းနွမ်းနယ်မှုတွေ ပြန်လည်သက်သာဖို့ အချိန်ယူရမှုအပေါ် ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတွေနဲ့ ကစားသမားသမဂ္ဂတွေ စိုးရိမ်ပူပန်ခဲ့ကြပါတယ်။

တူချယ်ကတော့ အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုတို့မှာ ကျင်းပမယ့် ပြိုင်ပွဲကြီးမတိုင်ခင် အင်္ဂလန်အသင်းအတွက် ဆင်ခြေပေးနေစရာ မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

"အပူဒဏ်က အချက်တစ်ခုဖြစ်ပေမဲ့ ကျွန်တော်တို့ ဆင်ခြေပေးနေတယ်လို့ မထင်စေချင်ပါဘူး။ ဒါ ကျွန်တော်တို့အတွက် အသာစီးမရနိုင်တဲ့ အခြေအနေတစ်ခုဖြစ်ပြီး ကျော်ဖြတ်ရမယ့် အခက်အခဲတစ်ခု ဖြစ်ပါတယ်" လို့ သူက ဆိုပါတယ်။