The network connection is lost.

Banner Image

အော်တာမန်ဒီနဲ့ မက်ဆီတို့ ဦးဆောင်လာတဲ့ အာဂျင်တီးနားရဲ့ ကမ္ဘာ့ဖလားလူစာရင်း

လက်ရှိကမ္ဘာ့ချန်ပီယံအာဂျင်တီးနားအသင်းက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် နည်းပြစကာလိုနီ ရွေးချယ်ထားတဲ့ အပြီးသတ်ကစားသမား ၂၆ ဦးစာရင်းကို ကြာသပတေးညနှောင်းပိုင်းမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒီလူစာရင်းကိုတော့ ဆဋ္ဌမအကြိမ်မြောက်နဲ့ နောက်ဆုံးအဖြစ် ပါဝင်ကစားမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဆင်နွှဲမယ့် မက်ဆီက ဦးဆောင်လာတာပါ။ ဒါ့အပြင် ဘင်ဖီကာအသင်းမှာ ၆ ရာသီကြာကစားခဲ့ပြီးနောက် အသင်းကို နှုတ်ဆက်ကာ ရေးဗားပလိတ်ဆီ ပြောင်းရွှေ့တော့မယ့် ဗဟိုခံစစ်မှူးအော်တာမန်ဒီလည်း ပါဝင်လာပါတယ်။

ဘင်ဖီကာအသင်းရဲ့ အသက် ၂၀ နှစ်အရွယ်လူငယ်ကြယ်ပွင့်ပရက်စတီယန်နီနဲ့ ပေါ်တိုကွင်းလယ်ကစားသမားဗာရီလာတို့ကတော့ ပဏာမလူစာရင်းမှာပါဝင်ပေမဲ့ အပြီးသစ်လက်ရွေးစင်စာရင်းမှာတော့ ချန်လှပ်ခံခဲ့ရပါတယ်။

တကယ်လို့သာ ပရက်စတီယန်နီသာ ရွေးချယ်ခံရမယ်ဆိုရင် ပြီးခဲ့တဲ့ဖေဖော်ဝါရီအတွင်း လစ္စဘွန်းမြို့ချန်ပီယံလိဂ်ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်ကစားသမားဗင်နီစီးယက်စ်အပေါ် စော်ကားခဲ့တဲ့အပြုအမူကြောင့် အာဂျင်တီးနားရဲ့ကမ္ဘာ့ဖလားပြိုင်ပွဲပထမဆုံးပွဲစဉ်နှစ်ခုကို သေချာပေါက်လွဲချော်ပါလိမ့်မယ်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ နှိုင်းယှဉ်ရင် စကာလိုနီက ဂိုးသမားမာတီနက်ဇ်၊ နောက်ခံလူတွေဖြစ်တဲ့ မိုလီနာ၊ ရိုမဲရိုး၊ အော်တာမန်ဒီနဲ့ တာဂလီယာဖီကို၊ ကွင်းလယ်လူတွေဖြစ်တဲ့ ဒီပေါလ်၊ အန်ဇိုဖာနန်ဒက်ဇ်၊ မက်အယ်လစ္စတာနဲ့ ပါရီဒက်စ်၊ တိုက်စစ်ပိုင်းမှာတော့ လီဆန်ဒရိုမာတီနက်ဇ်၊ ဂျူလီယန်အယ်လ်ဗာရက်ဇ်နဲ့ မက်ဆီတို့လို အသင်းရဲ့အဓိကကစားသမားအများစုကို ဆက်လက်ထိန်းသိမ်းထားတာ မြင်တွေ့ရပါတယ်။

လူသစ်တွေအဖြစ် နီကိုပက်ဇ်၊ ဘာကိုနဲ့ ဂျူလီယာနိုဆီမြွန်နီတို့လို လူငယ်ကစားသမားတွေကို စကာလိုနီက ခေါ်ယူထားပြီး ရီးရဲလ်မက်ဒရစ်အသင်းရဲ့မာစတန်တူအိုနိုကတော့ လူစာရင်းမှာ သိသိသာသာ ချန်လှပ်ခံထားရပါတယ်။

အာဂျင်တီးနားအသင်းက ဇွန် ၁၁ ရက်မှ ဇူလိုင် ၁၉ ရက်အထိ အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတို့မှာ ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စု (J) မှာ အယ်လ်ဂျီးရီးယား၊ သြစတြီးယား၊ ဂျော်ဒန်တို့နဲ့အတူ ကျရောက်နေပါတယ်။
အာဂျင်တီးနားအသင်း လူစာရင်း -

ဂိုးသမား - အီမီလီယာနိုမာတီနက်ဇ် (အက်စတွန်ဗီလာ)၊ ဂျရိုနီမိုရူလီ (မာဆေးလ်)၊ ဟွမ်မူဆို (အက်သလက်တီကိုမက်ဒရစ်)။

နောက်ခံလူ - ဂွန်ဇာလိုမွန်တီရယ် (ရေးဗားပလိတ်)၊ မိုလီနာ (အက်သလက်တီကိုမက်ဒရစ်)၊ နီကိုလက်စ် အော်တာမန်ဒီ (ဘင်ဖီကာ)၊ ခရစ္စတီယန်ရိုမဲရိုး (တော့တင်ဟမ်)၊ လီယိုနာဒို ဘာလာဒီ (မာဆေးလ်)၊ လီဆန်ဒရိုမာတီနက်ဇ် (မန်ချက်စတာယူနိုက်တက်)၊ တာဂလီယာဖီကို (လိုင်ယွန်)၊ ဖာကွန်ဒို မက်ဒီနာ (မာဆေးလ်)။

ကွင်းလယ်လူ - ဘာကို (စထရာဘော့)၊ လိုဆယ်လ်ဆို (ရီးရဲလ်ဘက်တစ်)၊ နီကိုပက်ဇ် (ကိုမို)၊ အန်ဇိုဖာနန်ဒက်ဇ် (ချယ်လ်ဆီး)၊ ပါရီဒက်စ် (ဘိုကာဂျူနီယာ)၊ မက်အယ်လစ္စတာ (လီဗာပူး)၊ ဒီပေါလ် (အင်တာမိုင်ယာမီ)၊ ပလာစီယို့စ် (လေဗာကူဆင်)၊ နီကိုလက်စ်ဂွန်ဇာလက်ဇ် (အက်သလက်တီကိုမက်ဒရစ်)၊ ဂျူလီယာနိုဆီမြွန်နီ (အက်သလက်တီကိုမက်ဒရစ်)၊ သီယာဂိုအယ်လ်မာဒါ (အက်သလက်တီကိုမက်ဒရစ်)။

တိုက်စစ်မှူး - မက်ဆီ (အင်တာမိုင်ယာမီ)၊ ဂျူလီယန်အယ်လ်ဗာရက်ဇ် (အက်သလက်တီကိုမက်ဒရစ်)၊ လော်တာရိုမာတီနက်ဇ် (အင်တာမီလန်)၊ လိုပက်ဇ် (ပါမီးရပ်စ်)။