The network connection is lost.

Banner Image

ရိုးမားနဲ့ တော့တင်ဟမ်တို့ရဲ့ အပြောင်းအရွှေ့ပစ်မှတ် ဖြစ်လာတဲ့ ဆမ်မာဗီလီ

ဝက်စ်ဟမ်းတောင်ပံကစားသမား ခရစ်ဆန်စီယို ဆမ်မာဗီလီဟာ တန်းဆင်းသွားရတဲ့ လန်ဒန်ကလပ်ကနေ ထွက်ခွာတော့မှာဖြစ်ပြီး အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သူ့ကို အေအက်စ်ရိုးမားနဲ့ တော့တင်ဟမ် ဟော့စပါးအသင်းတို့က စိတ်ဝင်စားနေကြတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

ဆမ်မာဗီလီဟာ ဝက်စ်ဟမ်းအတွက် ပြိုင်ပွဲစုံ ၃၄ ပွဲကစားပေးထားပြီး ဂိုးပါဝင်ပတ်သက်မှု ၁၀ ကြိမ် (၇ ဂိုးသွင်း၊ ၃ ဂိုးဖန်တီး) ပြုလုပ်နိုင်ခဲ့ပေမဲ့ ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်မှာ ဝက်စ်ဟမ်းအသင်း တန်းဆင်းသွားရတာကိုတော့ မတားဆီးနိုင်ခဲ့ပါဘူး။

လက်ရွေးစင်အသင်းမှာ ကစားဖူးခြင်းမရှိသေးပေမဲ့လည်း အသက် ၂၄ နှစ်အရွယ် ဒီတောင်ပံကစားသမားဟာ လာမယ့် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲအတွက် နယ်သာလန်နည်းပြ ရော်နယ်ကိုးမန်းရဲ့ ရွေးချယ်ခြင်းကို ခံခဲ့ရပါတယ်။ ကိုးမန်းက လီဗာပူးကစားသမား ဂျရမီ ဖရင်ပေါင်ထက် ဆမ်မာဗီလီကို ပိုသဘောကျခဲ့တာဖြစ်ပြီး ဝက်စ်ဟမ်းကြယ်ပွင့်နဲ့ ပတ်သက်လို့ "သူက ကွင်းထဲမှာ ယုံကြည်အားကိုးရတဲ့ ကစားသမားမျိုးပါ။ ညာတောင်ပံမှာလည်း ကောင်းကောင်းကစားနိုင်သလို သူ့ရဲ့ ကြိုးစားအားထုတ်မှုကလည်း တကယ်ကို ထူးခြားပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

ဒတ်ခ်ျမီဒီယာတစ်ခုဖြစ်တဲ့ Voetbal International ရဲ့ ကြာသပတေးနေ့ ဖော်ပြချက်အရ ဆမ်မာဗီလီဟာ ဝက်စ်ဟမ်းကနေ ထွက်ခွာခွင့်ရတော့မှာဖြစ်ပြီး အေအက်စ်ရိုးမားနဲ့ တန်းဆင်းဇုန်ပြိုင်ဘက် တော့တင်ဟမ်တို့က နယ်သာလန်လက်ရွေးစင်ဖြစ်လာတော့မယ့် သူ့ကို မျက်စိကျနေတယ်လို့ သိရပါတယ်။ အီတလီနာမည်ကြီးသတင်းစာ La Gazzetta dello Sport ကလည်း ရိုးမားရဲ့ နွေရာသီအလိုချင်ဆုံးစာရင်းမှာ ဆမ်မာဗီလီက ထိပ်ဆုံးမှာရှိနေတယ်လို့ ဖော်ပြခဲ့ပြီး ဒီအချက်ကို Voetbal International ဆီက သတင်းရင်းမြစ်တွေကလည်း အတည်ပြုခဲ့ပါတယ်။

ဝက်စ်ဟမ်းဘက်က သူတို့အလိုရှိတဲ့ ပြောင်းရွှေ့ကြေးပမာဏကို ရိုးမားထံ အကြောင်းကြားထားပြီး အီတလီကလပ်ဘက်ကလည်း အဲဒီတောင်းဆိုချက်ကို လိုက်လျောဖို့ အသင့်ရှိနေပါတယ်။

အသင်းနှစ်သင်းလုံးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကာလကတည်းက ဆမ်မာဗီလီကို ခေါ်ယူဖို့ ကြိုးစားခဲ့ကြတယ်လို့ သိရပါတယ်။

ဆမ်မာဗီလီဟာ ၂၀၂၄ ခုနှစ်မှာ လိဒ်ယူနိုက်တက်ကနေ ယူရို ၂၉ သန်းဝန်းကျင်နဲ့ ဝက်စ်ဟမ်းကို ပြောင်းရွှေ့လာခဲ့တာပါ။ ဒီတောင်ပံကစားသမားဟာ ဝက်စ်ဟမ်းနဲ့ ၂၀၂၉ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေပါတယ်။