၂၀၂၆ ကမ္ဘာ့ဖလားနောက်ကွယ်က စိုးရိမ်ဖွယ်ကိန်းဂဏန်းများ
ဘောလုံးပရိသတ်အများစုအတွက် ကိုယ်အားပေးတဲ့အသင်းနောက်ကို လိုက်အားပေးရတာက ဘဝမှာ တစ်ခါမှမရနိုင်ဖူးတဲ့ အခွင့်အရေးမျိုးဖြစ်ပါတယ်။
ဒါပေမဲ့ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ပရိသတ်တွေအနေနဲ့ အားကစားပြိုင်ပွဲသမိုင်းတစ်လျှောက် အဝေးဆုံးနဲ့ ကာဗွန်ထုတ်လွှတ်မှု အများဆုံးဖြစ်စေမယ့် ခရီးစဉ်တွေကို လျှောက်လှမ်းကြရတော့မှာ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲကို တိုက်ကြီးတစ်ခုလုံးအနှံ့ အိမ်ရှင်အဖြစ် ပူးတွဲလက်ခံကျင်းပဖို့နဲ့ ပြိုင်ပွဲဝင်အသင်းပေါင်း ၄၈ သင်းအထိ တိုးမြှင့်ဖို့ ဖီဖာရဲ့ ဆုံးဖြတ်ချက်ကြောင့် ပရိသတ်အချို့ဟာ မိုင်ပေါင်းသောင်းချီ လေကြောင်းခရီးကို သွားလာရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။
BBC Sportရဲ့ လေ့လာဆန်းစစ်ချက်အရ ပရိသတ်တစ်ဦးချင်းစီရဲ့ လေကြောင်းခရီးစဉ်တွေကနေ ကာဗွန်ဒိုင်အောက်ဆိုဒ် တန်နဲ့ချီ ထွက်ရှိလာမှာ ဖြစ်ပါတယ်။
အင်္ဂလန်အသင်းရဲ့ ဗိုလ်လုပွဲတက်လှမ်းမယ့် ခရီးစဉ် - ကမ္ဘာ့အဝန်းခရီး တစ်ဝက်ကျော်
အင်္ဂလန်ပရိသတ်တစ်ဦးက လန်ဒန်မြို့ကနေ လေယာဉ်နဲ့လာပြီး အသင်းရဲ့ပွဲစဉ်တိုင်းကို ကွင်းထဲအထိ လိုက်လံအားပေးမယ် (အသင်းက ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့မယ်) ဆိုရင် အဲဒီပရိသတ်တစ်ဦးတည်းကတင် ကာဗွန်ဒိုင်အောက်ဆိုဒ် ၃.၅ တန်ခန့် ထုတ်လွှတ်ရာ ရောက်စေမှာ ဖြစ်ပါတယ်။
ဒါက ပုံမှန်အိမ်ခြေတစ်ခုမှာ ၁၉ လစာ အပူပေးစနစ်သုံးစွဲတာနဲ့ ညီမျှတဲ့ ပမာဏပါ။ ခြုံငုံကြည့်ရင် အင်္ဂလန်ပွဲစဉ်တိုင်းကို လိုက်ကြည့်မယ့် ပရိသတ်တစ်ဦးဟာ ကမ္ဘာ့လုံးပတ်ရဲ့ သုံးပုံနှစ်ပုံနီးပါးအထိ ခရီးနှင်ရမှာ ဖြစ်ပါတယ်။
အကယ်၍ အင်္ဂလန်အသင်းက အုပ်စုပထမနဲ့ ဗိုလ်လုပွဲအထိ တက်လှမ်းမယ်ဆိုရင် ပရိသတ်တွေဟာ အနည်းဆုံး ခရီးမိုင် ၁၄,၆၉၈ မိုင် သွားလာရမှာဖြစ်ပြီး တစ်ဦးကို ကာဗွန် ၃.၄ တန်ခန့် ထွက်ရှိစေမှာပါ။
တကယ်လို့ အုပ်စုဒုတိယနဲ့ ဗိုလ်လုပွဲတက်မယ်ဆိုရင်တော့ ခရီးမိုင်က အနည်းဆုံး ၁၅,၃၈၅ မိုင်အထိ ရှိလာမှာဖြစ်ပြီး ပရိသတ်တစ်ဦးကို ကာဗွန် ၃.၅ တန်ခန့်အထိ တိုးလာမှာ ဖြစ်ပါတယ်။
ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ Thrust Carbon ရဲ့ အဆိုအရ အင်္ဂလန်ပရိသတ်တစ်ဦး ပွဲတိုင်းလိုက်ကြည့်လို့ ထွက်လာမယ့် ကာဗွန် ၃.၄ တန်ဆိုတာ ပလတ်စတစ်အိတ် အလုံးရေ ၃၄,၀၀၀ ထုတ်လုပ်တာ ဒါမှမဟုတ် ယူကေအိမ်ခြေတစ်ခုကို ၁၉ လစာ အပူပေးတာနဲ့ တူညီတယ်လို့ ဆိုပါတယ်။
Scientists for Global Responsibility မှ ဒေါက်တာ စတူးဝပ်ပါကင်ဆန် က ဘီဘီစီရဲ့ ခန့်မှန်းချက်တွေအပေါ် တကယ်ကို စိုးရိမ်စရာကောင်းပါတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
"အင်္ဂလန်ပရိသတ်တစ်ယောက်က ကာဗွန် ၃.၄ တန် ထုတ်လွှတ်တယ်ဆိုတာ ဟေတီလို ဆင်းရဲတဲ့နိုင်ငံက သာမန်လူတစ်ယောက်ရဲ့ တစ်နှစ်စာ ကာဗွန်ထုတ်လွှတ်မှုထက် ၂ ဆကနေ ၃ ဆအထိ ပိုများနေတာပါ" လို့ သူက ဆိုပါတယ်။
ပါကင်ဆန်က ဆက်လက်ပြီး ကမ္ဘာ့အပူချိန် မြင့်တက်မှုကို ၁.၅ ဒီဂရီဆဲလ်စီးယပ်စ်အတွင်း ထိန်းချုပ်ဖို့ ပဲရစ်သဘောတူညီချက်ကို ကျော်လွန်ဖို့ ကမ္ဘာကြီးက ဦးတည်နေချိန်မှာ အခုလို လေကြောင်းခရီးစဉ်တွေ များပြားလာတာဟာ မဖြစ်သင့်ဘူးလို့ ထောက်ပြပါတယ်။
ပါကင်ဆန်က "ရာသီဥတုပြောင်းလဲမှုရဲ့ သက်ရောက်မှုတွေကို မြင်နေရပါလျက်နဲ့ သတ်မှတ်ထားတဲ့ ရာသီဥတုဆိုင်ရာ ရည်မှန်းချက်တွေကို ကျော်လွန်ပြီး လုပ်ဆောင်နေတာက ဘာမှအဓိပ္ပာယ်မရှိပါဘူး။ အခုလို ကာဗွန်ထုတ်လွှတ်မှုမျိုးကို ကျွန်တော်တို့ လက်မခံနိုင်ပါဘူး။ ဒါဟာ ကမ္ဘာမြေအတွက် မခံနိုင်စရာပါပဲ။" လို့ ပြောခဲ့ပါတယ်။
စကော့တလန်ပရိသတ်တွေလည်း ကာဗွန်ထုတ်လွှတ်မှု တူညီနေ
မိမိတို့အသင်းနောက်ကို လိုက်လိုတဲ့ စကော့တလန် ပရိသတ်တွေဟာ အုပ်စုအဆင့် ပွဲစဉ်တွေအတွင်းမှာတင် အိမ်ရှင်မြို့တွေကြား ခရီးမိုင် ၁,၂၅၈ မိုင် သွားလာရမှာ ဖြစ်ပါတယ်။ တကယ်လို့ အုပ်စုပထမရပြီး ဗိုလ်လုပွဲအထိ တက်လှမ်းခဲ့မယ်ဆိုရင် (အီဒင်ဘာဂါမြို့ကို ပြန်မယ့် လေကြောင်းခရီးအပါအဝင်) ခရီးမိုင် ၁၂,၄၂၀ ကျော်သွားမှာဖြစ်ပြီး ကာဗွန် ၂.၈ တန်ခန့် ထွက်ရှိမှာပါ။ အကယ်၍ အုပ်စုဒုတိယနဲ့ ဗိုလ်လုပွဲတက်မယ်ဆိုရင်တော့ ခရီးမိုင်က ၁၃,၇၇မိုင်အထိ တိုးသွားမှာဖြစ်ပြီး ကာဗွန် ၃.၃ တန်ခန့် ထွက်ရှိမှာ ဖြစ်ပါတယ်။
စကော့တလန်ဘောလုံးပရိသတ်များအသင်းရဲ့ ပူးတွဲတည်ထောင်သူ ပေါလ်ဂွတ်ဒ်ဝင်းက ပရိသတ်တွေကြားထဲမှာ သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုရှိတာကို ပိုမိုသတိပြုမိလာကြတယ်လို့ ဆိုပါတယ်။
ပေါလ်ဂွတ်ဒ်ဝင်းက"စကော့တလန် ပရိသတ်တစ်ယောက်အနေနဲ့ ကွင်းထဲမှာ ရှိနေချင်ကြတာ သဘာဝပါ။ ခရီးမသွားဘဲ နေဖို့ဆိုတာ မလွယ်ဘူးလေ။ ဒါကြောင့် ပရိသတ်အတော်များများက စိတ်ထဲမှာတော့ ဒွန်တွဲပြီး ခံစားနေကြရပါတယ်" လို့ ဆိုပါတယ်။
ဘယ်အသင်းတွေ ခရီးအဝေးဆုံး သွားရမလဲ။
၂၀၂၆ ကမ္ဘာ့ဖလားမှာ ပြိုင်ပွဲဝင် ၄၈ သင်း ရှိမှာဖြစ်ပြီး သွားရမယ့် ခရီးကွာဝေးချက်တွေကတော့ အုပ်စုကျရောက်တဲ့ နေရာနဲ့ နောက်ကောက်အဆင့် တက်လှမ်းမယ့် လမ်းကြောင်းပေါ် မူတည်ပြီး ကွာခြားသွားမှာ ဖြစ်ပါတယ်။
အုပ်စုအဆင့်မှာ ခရီးအဝေးဆုံး သွားရမယ့်ဒုက္ခကတော့ အုပ်စု (B) ထဲက ယူအီးအက်ဖ်အေပလေးအော့ဖ်ကနေ တက်လာမယ့်အသင်း (ဝေးလ်စ် သို့မဟုတ် အိုင်ယာလန်မြောက်ပိုင်း ဖြစ်နိုင်ခြေရှိ) ပေါ် ကျရောက်မှာပါ။
အုပ်စုပွဲစဉ် ၃ ပွဲလုံးကို တိုရွန်တို၊ အင်ဂဲလ်ဝုဒ် နဲ့ ဆီယက်တဲလ် မြို့တွေမှာ သွားရောက်ကြည့်ရှုမယ့် ပရိသတ်တွေဟာ မိုင်ပေါင်း ၃,၁၄၀ ကျော် ခရီးနှင်ကြရမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ အခက်ခဲဆုံးခရီးစဉ်ကို ရင်ဆိုင်ရမှာကတော့ တောင်အာဖရိက ပရိသတ်တွေ ဖြစ်ပါတယ်။ အုပ်စုအဆင့်တင် ခရီးမိုင် အနည်းဆုံး ၂၁,၀၉၀ မိုင် ရှိနေပြီး တကယ်လို့ ဗိုလ်လုပွဲအထိ တက်မယ်ဆိုရင်တော့ ၂၆,၈၃၄ မိုင်အထိ ရှိလာမှာ ဖြစ်ပါတယ်။
ဒီလေကြောင်းခရီးစဉ်တွေကြောင့် အုပ်စုအဆင့်မှာတင် ပရိသတ်တစ်ဦးကို ကာဗွန် ၄.၇ တန် ထွက်ရှိမှာဖြစ်ပြီး၊ အုပ်စုဒုတိယကနေ ဗိုလ်လုပွဲတက်မယ့် လမ်းကြောင်းဆိုရင်တော့ ကာဗွန် ၅.၉ တန်အထိ ရှိလာမှာ ဖြစ်ပါတယ်။
ထိပ်သီးအသင်းတွေထဲမှာ ခရီးအဝေးဆုံး သွားရဖို့ ရှိနေတာကတော့ ဂျာမနီအသင်း ဖြစ်ပါတယ်။
အုပ်စုဒုတိယကနေ ဗိုလ်လုပွဲတက်မယ့် လမ်းကြောင်းဆိုရင် ပရိသတ်တစ်ဦးချင်းစီဟာ အနည်းဆုံး ခရီးမိုင် ၁၉,၇၇၀ မိုင် သွားရမှာဖြစ်ပြီး ကာဗွန် ၃.၅ တန် ထွက်ရှိမှာ ဖြစ်ပါတယ်။
အခြားတစ်ဖက်မှာတော့ ပြင်သစ်အသင်းရဲ့ အုပ်စုအဆင့် ခရီးစဉ်ကတော့ (နိုင်ငံတကာ လေကြောင်းခရီးစဉ်တွေ မပါဝင်ဘဲ) မိုင်ပေါင်း ၃၇၀ သာ ရှိပြီး အိမ်ရှင်မြို့နှစ်မြို့ကြားကို ရထားနဲ့ပါ သွားလာနိုင်မှာ ဖြစ်ပါတယ်။
'သမိုင်းတစ်လျှောက် ညစ်ညမ်းမှုအများဆုံး ကမ္ဘာ့ဖလား'
Scientists for Global Responsibility အဖွဲ့ရဲ့ ၂၀၂၅ ခုနှစ် အစီရင်ခံစာအရ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးရဲ့ စုစုပေါင်း ကာဗွန်ထုတ်လွှတ်မှုဟာ ကိုးသန်းတန် (၉,၀၀၀,၀၀၀ တန်) အထိ ရှိလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ၄ ကြိမ်ရဲ့ ပျမ်းမျှကာဗွန်ထုတ်လွှတ်မှုထက် နှစ်ဆနီးပါး ပိုများနေတာကြောင့် သမိုင်းတစ်လျှောက် သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းမှုအများဆုံး ပြိုင်ပွဲကြီး ဖြစ်လာတော့မှာဖြစ်ပါတယ်။
"ဒါဟာ ကမ္ဘာပေါ်က နိုင်ငံအတော်များများရဲ့ ကာဗွန်ထုတ်လွှတ်မှုထက်တောင် ပိုများနေပြီး ဗြိတိန်က ကားအစီးရေ ခြောက်သန်းကျော်ကို တစ်နှစ်ပတ်လုံး မောင်းနှင်တာနဲ့ ညီမျှပါတယ်" လို့ ပါကင်ဆန်က ဆိုပါတယ်။
ကမ္ဘာ့ဖလားရဲ့ ကာဗွန်ထုတ်လွှတ်မှု စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းခန့်ဟာ လေကြောင်းခရီးစဉ်တွေကြောင့် ဖြစ်ပါတယ်။ "လေကြောင်းခရီးစဉ်တွေကို လျှော့ချတာဟာ ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချဖို့ အထိရောက်ဆုံး နည်းလမ်းတစ်ခုပါပဲ" လို့ သူက ဆက်ပြောပါတယ်။
ပါကင်ဆန်ရဲ့ အယူအဆအရ ဖီဖာအနေနဲ့ ပြိုင်ပွဲဝင်အသင်း အရေအတွက် တိုးမြှင့်လိုက်တာဟာ ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ပါမယ်ဆိုတဲ့ သူတို့ရဲ့ ကတိကဝတ်ကို လုံးဝဆန့်ကျင်နေသလို ဖြစ်နေပါတယ်။
ဖီဖာက ဘာပြန်ပြောလဲ
ဘီဘီစီကိုပြောကြားချက်အရ ဖီဖာက ရာသီဥတုအပေါ် သက်ရောက်မှုရှိနေတာကို အလေးအနက်ထား စဉ်းစားရမှာဖြစ်ပြီး အပြုသဘောဆောင်တဲ့ ဝေဖန်ထောက်ပြမှုတွေကို ကြိုဆိုတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် "လေကြောင်းခရီးသွားလာမှုဟာ အဓိကပြိုင်ပွဲကြီးတွေရဲ့ ကာဗွန်ထုတ်လွှတ်မှုကို အများဆုံးဖြစ်စေတဲ့ အချက်ဖြစ်ပြီး လေယာဉ်ခရီးစဉ်တွေကြောင့် ဖြစ်ပေါ်လာတဲ့ ကာဗွန်ကို လျှော့ချဖို့ဆိုတာ ပြိုင်ပွဲကျင်းပသူတွေ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး စိန်ခေါ်မှုတစ်ခုဖြစ်တယ်" ဆိုတာကိုလည်း လက်ခံထားပါတယ်။
ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ဆောင်ချက် အများအပြားကို ချပြခဲ့ပါတယ်။
အဲဒီအထဲမှာ လက်ရှိ အားကစားကွင်းတွေကိုပဲ အသုံးပြုခြင်း၊ ရပ်ဝန်းဒေသအလိုက် အိမ်ရှင်အဖြစ် ခွဲဝေကျင်းပပြီး ခရီးဝေးသွားလာရမှုတွေကို လျှော့ချခြင်း၊ စွမ်းအင်ထိရောက်စွာ သုံးစွဲမှုကို မြှင့်တင်ခြင်း၊ ရေသုံးစွဲမှု ခြိုးခြံချွေတာခြင်း၊ လျှပ်စစ်ကားများ (EV) အသုံးပြုခြင်းနဲ့ မြောက်အမေရိကတစ်ခွင်မှာ သစ်ပင်စိုက်ပျိုးမယ့် စီမံကိန်းများ ပါဝင်တယ်လို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။