The network connection is lost.

Banner Image

ကမ္ဘာ့ဖလားဆုဖလားကြီးရဲ့ စိတ်ဝင်စားစရာ သမိုင်းကြောင်း

အားကစားလောကမှာ ဖီဖာကမ္ဘာ့ဖလားဆုဖလားကြီလောက် ဆွဲဆောင်မှုအပြည့်ရှိတဲ့ အရာမျိုးက ခပ်ရှားရှားဖြစ်ပါတယ်။ 

ဝါရင့်ဂန္ထဝင်ကစားသမားကြီးတွေ ကိုင်မြှောက်ခဲ့ရတဲ့၊ နိုင်ငံတိုင်းက လိုချင်တက်မက်ကြတဲ့၊ တစ်ကမ္ဘာလုံးက ပရိသတ်တွေ အမြတ်တနိုးထားကြတဲ့အပြင် နှစ်ကြိမ်တိုင်တိုင် ခိုးယူခြင်းခံခဲ့ရတဲ့ ဒီဆုဖလားဟာ သာမန်ဆုတစ်ခုတော့ လုံးဝမဟုတ်ပါဘူး။ 

အားကစားလောကရဲ့ အမြင့်ဆုံးအောင်မြင်မှုကို ကိုယ်စားပြုတဲ့ ပြိုင်ဘက်ကင်းဆုဖလားကြီးပဲ ဖြစ်ပါတယ်။

သမိုင်းမုန်တိုင်းထဲက စွန့်စားခန်းများ

ပထမဆုံးကမ္ဘာ့ဖလားဖလားကို ၁၉၃၀ ပြည့်နှစ်၊ ဖီဖာဥက္ကဋ္ဌ ဂျူးလ်စ်ရီမေးလ် ဦးဆောင်ပြီး ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပခဲ့ချိန်မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ 

မူလက Victory လို့ အမည်ပေးခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ကမ္ဘာ့အကြီးကျယ်ဆုံး ဘောလုံးပြိုင်ပွဲကြီးဖြစ်မြောက်အောင် အဓိကမျှော်မှန်း ကြိုးပမ်းပေးခဲ့တဲ့ ဥက္ကဋ္ဌကို ဂုဏ်ပြုတဲ့အနေနဲ့ "ဂျူးလ်စ်ရီမေးလ် ဆုဖလား" လို့ အမည်ပြောင်းလဲခဲ့ပါတယ်။

ပြင်သစ်ပန်းပုပညာရှင် အာဘဲလ်လာဖလူးလ်ထုဆစ်တဲ့ ဒီဆုဖလားမှာ ရှေးဟောင်းဂရိရဲ့ အောင်ပွဲခံနတ်သမီး Nike က အောင်ပွဲခံဖလားကို ပင့်မြှောက်ထားတဲ့ ပုံစံဖြစ်ပါတယ်။ 

ရွှေရည်စိမ်ငွေစင်စစ်စစ်နဲ့ ပြုလုပ်ထားပြီး အောက်ခြေကို အပြာရောင်ကျောက်နဲ့ခံထားတဲ့ ဒီဆုဖလားဟာ အားကစားလောကမှာ ဂုဏ်ယူစရာ အကောင်းဆုံးဆုတစ်ခု ဖြစ်လာခဲ့ပါတယ်။

ဒီဆုဖလားကို ၁၉၃၀ မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ဥရုဂွေးအသင်းက ပထမဆုံးအကြိမ်အဖြစ် ဆွတ်ခူးခဲ့ပါတယ်။

ဆယ်စုနှစ်တွေ ကြာလာတာနဲ့အမျှ ဒီဂျူးလ်စ်ရီမေးလ်ဖလားကြီးက ဘရာဇီး၊ အင်္ဂလန်နဲ့ အီတလီတို့လို အသင်းတွေ ကိုင်မြှောက်ခဲ့တဲ့ ဆုဖလားတစ်ခုတင်မကဘဲ သမိုင်းဝင် အမွေအနှစ်တစ်ခုလို ဖြစ်လာခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းမှာ အီတလီဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူ အိုတိုရီနိုဘာရက်ဆီက နာဇီတွေလက်ထဲမရောက်သွားအောင် ဒီဆုဖလားကြီးကို ရောမမြို့ သူ့အိပ်ရာအောက်က ဖိနပ်ဗူးထဲမှာ ဝှက်ထားခဲ့ရဖူးပါတယ်။

နှစ်တွေအကြာ ၁၉၆၆ ခုနှစ် အင်္ဂလန်ကမ္ဘာ့ဖလားပြိုင်ပွဲမစတင်မီ လအနည်းငယ်အလိုမှာတော့ ပြပွဲတစ်ခုအတွင်း ဒီတန်ဖိုးမဖြတ်နိုင်တဲ့ ရတနာကြီး အခိုးခံခဲ့ရပါတယ်။ 

ဒါပေမဲ့ ကံကောင်းချင်တော့ လန်ဒန်တောင်ပိုင်းက ခြံစည်းရိုးအောက်မှာ သတင်းစာစက္ကူနဲ့ ပတ်ထားတဲ့ ဒီဖလားကြီးကို Pickles လို့ခေါ်တဲ့ ခွေးလေးတစ်ကောင်က အနံ့ခံရှာဖွေတွေ့ရှိခဲ့ပါတယ်။

ကမ္ဘာကြီးကို စည်းလုံးစေမယ့် ဆုဖလားအသစ်

၁၉၇၀ ပြည့်နှစ်မှာတော့ ဘရာဇီးအသင်းက ဂျူးလ်စ်ရီမေးလ်ဖလားကြီးကို ပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် သုံးကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့တာကြောင့် ဆုဖလားကို အပိုင်သိမ်းခွင့် ရရှိသွားခဲ့ပါတယ်။

ဒါပေမဲ့ ကံဆိုးချင်တော့ ၁၉၈၃ ခုနှစ်မှာ ရီယိုဒီဂျနေးရိုးမြို့က ဘရာဇီးဘောလုံးအဖွဲ့ချုပ်ရုံးချုပ်ကနေ အဲဒီဖလားကြီး ထပ်အခိုးခံခဲ့ရပါတယ်။ 

ဒီတစ်ကြိမ်မှာတော့ ကယ်တင်ရှင်ခွေးလေး မရှိတော့တာကြောင့် ဖလားကြီးကို ပြန်မရတော့ဘဲ သူခိုးတွေက အရည်ကြိုပစ်လိုက်ကြပြီလို့ အများက ယူဆထားကြပါတယ်။

အဲဒီမတိုင်ခင်ကတည်းက ဖီဖာဟာ ခေတ်သစ်ကမ္ဘာ့ဖလားအတွက် ဒီဇိုင်းအသစ်တစ်ခုကို ဖန်တီးခဲ့ပြီးသား ဖြစ်ပါတယ်။ 

အီတလီအနုပညာရှင် ဆီလ်ဗီယိုဂါဇာနီဂါ သွန်းလုပ်ခဲ့တဲ့ လက်ရှိဆုဖလားက အမြင့် ၃၆ စင်တီမီတာရှိပြီး ၁၈ ကာရက်ရွှေစစ်စစ်နဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။ 

လူနှစ်ယောက်က ကမ္ဘာမြေကြီးကို အောင်ပွဲခံပင့်မြှောက်ထားတဲ့ ပုံစံဖြစ်ပြီး ဘောလုံးအားကစားရဲ့ ကမ္ဘာလုံးဆိုင်ရာ စည်းလုံးညီညွတ်မှုကို လှပစွာ ဖော်ဆောင်ထားပါတယ်။

ဒီဆုဖလားအသစ်စက်စက်ကို ၁၉၇၄ ခုနှစ်မှာ အနောက်ဂျာမနီအသင်းက ပထမဆုံး ကိုင်မြှောက်ခွင့်ရရှိခဲ့ပြီး လေးနှစ်အကြာမှာတော့ အိမ်ရှင် အာဂျင်တီးနားက လွှဲပြောင်းရယူခဲ့ပါတယ်။ 

အဲဒီနောက်ပိုင်းမှာတော့ ဘရာဇီး၊ ဂျာမနီနဲ့ အီတလီတို့က ဆုဖလားအရေအတွက် ထပ်တိုးယူနိုင်ခဲ့ကြသလို ပြင်သစ်နဲ့ စပိန်တို့ကလည်း ပထမဆုံးအကြိမ်အဖြစ် ဆွတ်ခူးနိုင်ခဲ့ကြပါတယ်။

တန်ဖိုးဖြတ်မရတဲ့ ဂုဏ်ဒြပ်

ယခင်ဖလားဟောင်းနဲ့မတူတာကတော့ ယနေ့ခေတ် ကမ္ဘာ့ဖလားကြီးကို ဘယ်နိုင်ငံကိုမှ အပိုင်မပေးတော့ပါဘူး။ 

ချန်ပီယံဖြစ်တဲ့အသင်းဟာ ပွဲအပြီး ဆုပေးပွဲအခမ်းအနားမှာပဲ မူရင်းဖလားစစ်စစ်ကို ကိုင်မြှောက်ခွင့်ရရှိမှာဖြစ်ပြီး ပြန်တဲ့အချိန်မှာတော့ အိမ်ယူပြီး အမှတ်တရသိမ်းထားဖို့ ရွှေရည်စိမ်ထားတဲ့ ဆုဖလားအတုကိုပဲ ပေးအပ်ပါတော့တာ ဖြစ်ပါတယ်။

ထူးထူးခြားခြားအနေနဲ့ ၂၀၁၀ တောင်အာဖရိက ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် နယ်လ်ဆင်မန်ဒဲလားကို တရားဝင်ဆုဖလားအတုတစ်ခု လက်ဆောင်ပေးခဲ့ဖူးပြီး ဒါက ဆုဖလားကို တစ်ဦးတစ်ယောက်ဆီ ပေးအပ်ခဲ့တဲ့ တစ်ခုတည်းသော သမိုင်းမှတ်တမ်းဖြစ်ပါတယ်။ 

မူရင်းဖလားစစ်စစ်ကို ထိတွေ့ခွင့်ရဖို့ဆိုတာ နိုင်ငံတော်အကြီးအကဲတွေ၊ ဖီဖာတာဝန်ရှိသူတွေနဲ့ ကမ္ဘာ့ဖလားချန်ပီယံဟောင်းတွေ အပါအဝင် အနည်းငယ်သော လူပုဂ္ဂိုလ်တွေမှာပဲ အခွင့်အရေးရှိတဲ့ ထူးခြားတဲ့ ဂုဏ်ဒြပ်တစ်ခု ဖြစ်ပါတယ်။

ဒီနေ့ခေတ်မှာတော့ ကမ္ဘာ့ဖလားဆုဖလားကြီးဟာ ဘောလုံးလောကရဲ့ အမြင့်ဆုံး ဂုဏ်သိက္ခာ၊ ထာဝရရှင်သန်ခြင်းနဲ့ ဂုဏ်ယူဝံ့ကြွားမှုတို့ရဲ့ သက်သေအဖြစ် ရပ်တည်နေပါတယ်။

ပီလီ၊ မာရာဒိုနာကနေ ဇီဒန်းနဲ့ မက်ဆီတို့အထိ နိုင်ငံအသင်းခေါင်းဆောင်တွေ ဒီဆုဖလားကြီးကို ညကောင်းကင်ယံအောက် ကိုင်မြှောက်အောင်ပွဲခံနေတဲ့ မြင်ကွင်းက ကမ္ဘာ့အားကစားသမိုင်းမှာ ဘယ်တော့မှမေ့ပျောက်နိုင်မှာမဟုတ်တဲ့ အမှတ်တရပုံရိပ်တွေပဲ ဖြစ်ပါတယ်။