The network connection is lost.

Banner Image

၂၀၂၆ ကမ္ဘာ့ဖလားရဲ့ လာဘ်ကောင်ရုပ်လေးများ

မုတ်ဆိတ်နဲ့ ငရုတ်သီးပုံတွေ၊ လူပုံစံဖော်ထားတဲ့ ကြက်ဖပုံတွေကနေ အာမာဒီလိုကောင်လေးတွေ၊ ထူးထူးဆန်းဆန်း သတ္တဝါလေးတွေအထိ ကမ္ဘာ့ဖလားလာဘ်ကောင်ရုပ်တွေက နှစ်အတော်ကြာ ဘောလုံးယဉ်ကျေးမှုမှာ အမှတ်တရအစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပါတယ်။

၁၉၉၀ အီတလီကမ္ဘာ့ဖလားက Ciao၊ ၁၉၉၄ အမေရိကန်ကမ္ဘာ့ဖလားက Striker နဲ့ ၂၀၂၂ ကာတာကမ္ဘာ့ဖလားက La’eeb တို့လို အမှတ်တရအရုပ်လေးတွေကနေတစ်ဆင့် ပြိုင်ပွဲတစ်ခုချင်းစီရဲ့ အနှစ်သာရကို ထူးခြားတဲ့ပုံစံမျိုးစုံနဲ့ မြင်တွေ့ခဲ့ကြရပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားကို ကနေဒါ၊ မက္ကဆီကိုနဲ့ အမေရိကန်တို့ ပူးပေါင်းကျင်းပမှာဖြစ်လို့ နိုင်ငံတစ်ခုစီကို ကိုယ်စားပြုတဲ့ အရုပ်လေး ၃ ကောင်ကို ဖီဖာက မိတ်ဆက်ပေးလိုက်ပါတယ်။ 

အဲဒီအရုပ်လေးတွေကတော့ မေပယ်လ် (ကနေဒါ)၊ ဇာယူး (မက္ကဆီကို) နဲ့ ကလပ်ချ် (အမေရိကန်) တို့ဖြစ်ပါတယ်။

ဒီလာဘ်ကောင်ရုပ်လေးတွေက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတုန်းက ဝါရှင်တန်ဒီစီမှာကျင်းပတဲ့ ကမ္ဘာ့ဖလားအုပ်စုမဲခွဲပွဲ အခမ်းအနားကိုလည်း တက်ရောက်ခဲ့ကြပါတယ်။

မေပယ်လ်က ကနေဒါနိုင်ငံကို ကိုယ်စားပြုပြီး street culture ကို ဝါသနာပါတဲ့ စတိုင်ကျတဲ့ ဂိုးသမားလေး ဖြစ်ပါတယ်။

သူက ကနေဒါနိုင်ငံရဲ့ ပြည်နယ်နဲ့ နယ်မြေအသီးသီးကို လှည့်လည်သွားလာရင်း လူတွေနဲ့ ထိတွေ့ဆက်ဆံရတာကို နှစ်သက်သလို နိုင်ငံရဲ့ ကြွယ်ဝတဲ့ ယဉ်ကျေးမှုကိုလည်း မြတ်နိုးသူဖြစ်ပါတယ်။ 

ဂိုးပေါက်ကာကွယ်တဲ့နေရာမှာ ထူးချွန်သလို ခေါင်းဆောင်မှုပိုင်းမှာလည်း အားကောင်းတဲ့ အရုပ်လေး ဖြစ်ပါတယ်။

မက္ကဆီကိုရဲ့ အရုပ်လေး ဇာယူး ကတော့ နိုင်ငံတောင်ပိုင်းကလာပြီး ကြောက်ရွံ့ခြင်းမရှိတဲ့ တိုက်စစ်မှူးတစ်ယောက်ဖြစ်ပါတယ်။ 

သူ့နာမည်က စည်းလုံးခြင်း၊ အင်အားနဲ့ ပျော်ရွှင်ခြင်း ဆိုတဲ့ အဓိပ္ပာယ်ကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ 

ကွင်းထဲမှာတော့ လျင်မြန်ဖျတ်လတ်တဲ့ တိုက်စစ်မှူးတစ်ယောက်ဖြစ်ပြီး ကွင်းပြင်ပမှာတော့ မက္ကဆီကိုရဲ့ အက၊ အစားအစာနဲ့ ရိုးရာယဉ်ကျေးမှုတွေကို မြတ်နိုးရင်း လူတွေကိုစည်းလုံးစေသူ ဖြစ်ပါတယ်။

အမေရိကန်ကိုကိုယ်စားပြုတဲ့ လင်းယုန်လေးကလပ်ချ်က စွန့်စားရတာကို ကြိုက်တဲ့ ကွင်းလယ်လူတစ်ယောက်ဖြစ်ပြီး အသင်းအဖွဲ့စိတ်ဓာတ်ရှိကာ စွမ်းအင်အပြည့်နဲ့ အကောင်းမြင်တတ်သူ ဖြစ်ပါတယ်။ 

သူက ကွင်းထဲမှာရော ကွင်းပြင်မှာပါ အသင်းဖော်တွေကို အားပေးတက်ကြွစေသလို ဘယ်လိုစိန်ခေါ်မှုမျိုးကိုမဆို အခွင့်အရေးအဖြစ် ပြောင်းလဲပစ်နိုင်သူလို့ သိရပါတယ်။ 

အားကစားကိုအရူးအမူးဝါသနာပါတဲ့ကလပ်ချ်က တခြားကွင်းလယ်လူတွေလိုပဲ လူတွေကို စည်းလုံးစေတဲ့ အရုပ်လေး ဖြစ်ပါတယ်။