ရာသီသစ်မတိုင်ခင် ပေါ်တိုနည်းပြဟောင်းဗီတာဘရူနိုကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်တဲ့ အန်ဒါလက်ချ်
ဗီတာဘရူနိုဟာ အန်ဒါလက်ချ်အသင်းရဲ့နည်းပြသစ် ဖြစ်လာခဲ့ပါပြီ။ အသက် ၄၃ နှစ်အရွယ်ပေါ်တူဂီလူမျိုးနည်းပြက ဘရပ်ဆဲလ်မြို့ဆီ သွားရောက်ကာ ဘယ်လ်ဂျီယံကလပ်အသင်းနဲ့အတူ နှစ်နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့ပြီး ကလပ်အသင်းမှာပဲ လက်ထောက်နည်းပြအဖြစ် ဆက်ရှိနေမယ့် ဂျရမီတာရာဗဲလ်ရဲ့နေရာကို အစားထိုးဝင်ရောက်လာပါတယ်။
ပေါ်တိုအသင်းမှာ နည်းပြချုပ်အဖြစ် ၂၉ ပွဲအထိ တာဝန်ယူကိုင်တွယ်ခဲ့ပြီး ပေါ်တူဂီစူပါဖလားဆွတ်ခူးပေးနို်ငခဲ့တဲ့ ဗီတာဘရူနိုက အခုတော့ သူ့ရဲ့ပထမဆုံးသောနိုင်ငံတကာနည်းပြအတွေ့အကြုံသစ်ကို စတင်သွားပါလိမ့်မယ်။
သူက ဆာဂျီယိုကွန်စီကာအိုရဲ့ ညာလက်ရုံးအဖြစ် ဘရာဂါ၊ ဗီတိုးရီးယား F.C၊ နန့်တက်စ်နဲ့ ပေါ်တိုစတဲ့ ကလပ်အသင်းတွေမှာ ၁၅ နှစ်ကြာ ဖြတ်သန်းခဲ့ပြီး အဲဒီကာလအတွင်း လိဂ်ချန်ပီယံဆု သုံးကြိမ်၊ ပေါ်တူဂီဖလား လေးကြိမ်နဲ့ စူပါဖလား သုံးကြိမ်တို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
အန်ဒါလက်ချ်အသင်းရဲ့အားကစားဒါရိုက်တာအန်တွမ်ဆီဘီယာစကီးက ဒီပေါ်တူဂီလူမျိုးနည်းပြကို ရွေးချယ်ခဲ့မှုနဲ့ ပတ်သက်လို့ အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့က ကလပ်အသင်းရဲ့ရည်မှန်းချက်တွေနဲ့ကိုက်ညီမယ့် နည်းပြနဲ့ နည်းစနစ်ပိုင်းဆိုင်ရာ အဖွဲ့ဝင်တွေကို ခန့်အပ်ဖို့ တကယ်ကို စေ့စေ့စပ်စပ် လုပ်ဆောင်ခဲ့ပါတယ်။ ဗီတာဘရူနိုကို ခန့်အပ်လိုက်မှုနဲ့အတူ အသင်းတာဝန်ရှိသူတွေက ခေတ်မီပြီး ဆွဲဆောင်မှုရှိကာ လွှမ်းမိုးကစားနိုင်တဲ့ ဘောလုံးစတိုင်ကို ပိုင်ဆိုင်ထားတဲ့ နည်းပြချုပ်တစ်ဦးကို ရွေးချယ်နိုင်ခဲ့ပါတယ်။ သူက စည်းကမ်းပိုင်းကောင်းမွန်ပြီး အနိုင်ရလိုတဲ့စိတ်ပြင်းထန်မှုနဲ့အတူ အလုပ်အပေါ်တန်ဖိုးထားမှုတွေကြောင့် လူသိများပါတယ်" လို့ ဆီဘီယာစကီးက အလေးအနက်ပြောကြားခဲ့ပါတယ်။