အယ်လီယော့ အန်ဒါဆန်အတွက် စံချိန်တင်ပြောင်းရွှေ့ကြေးပေးရမယ်လို့ မန်စီးတီးကို နော်တင်ဟမ်ဖောရက်စ် အသိပေး
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ သူတို့ရဲ့ ကွင်းလယ်လူ အယ်လီယော့ အန်ဒါဆန်ကို ခေါ်ယူချင်တယ်ဆိုရင် စံချိန်တင်ပြောင်းရွှေ့ကြေး ပေးရမှာဖြစ်တယ်လို့ မန်စီးတီးအသင်းကို အသိပေးပြောကြားလိုက်ကြောင်း သိရပါတယ်။
အသက် ၂၃ နှစ်အရွယ် အန်ဒါဆန်ဟာ နော်တင်ဟမ်ဖောရက်စ်အသင်းအတွက် ပြိုင်ပွဲစုံ အကြိမ် ၅၀ အထိ ပါဝင်ကစားပေးထားပြီး အင်္ဂလန်လက်ရွေးစင်အသင်းမှာလည်း ပုံမှန်နေရာတစ်နေရာ ရရှိလာတဲ့အထိ ဒီရာသီမှာ သိသိသာသာ ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။
ဒီခံစစ်ကွင်းလယ်လူဟာ မန်စီးတီးကို ပြောင်းရွှေ့ဖို့ သတင်းတွေ အပြင်းအထန် ထွက်ပေါ်နေပေမဲ့ ဖောရက်စ်ဘက်ကတော့ သူ့ကို ဈေးပေါပေါနဲ့ လက်လွှတ်သွားမှာ မဟုတ်ပါဘူး။
BBC Sport ရဲ့ ဖော်ပြချက်အရ မန်စီးတီးဟာ အန်ဒါဆန်ကို ခေါ်ယူဖို့ အခြေအနေ အကောင်းဆုံးဖြစ်နေပေမဲ့ အာဆင်နယ်က ဒက်ကလန်ရိုက်စ်အတွက် ပေးချေခဲ့ရတဲ့ ပေါင် ၁၀၅ သန်းထက် ပိုများတဲ့ ပမာဏကို ပေးရဖို့ ရှိနေပါတယ်။
အဲဒီပမာဏဟာ ဗြိတိန်ကစားသမားတစ်ဦးအတွက် လက်ရှိအမြင့်ဆုံး စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်ပြီး အခုလို ဈေးနှုန်းအဆမတန် တောင်းဆိုမှုကြောင့် ပြိုင်ဘက် မန်ယူအသင်းကတော့ အန်ဒါဆန်ကို ခေါ်ယူဖို့ ကြိုးပမ်းနေတာကို လက်လျှော့သွားခဲ့ပါတယ်။