ဘွန်ဒက်စ်လီဂါဆီ တန်းတက်လာပြီးနောက် ခံစားချက်ကို ထုတ်ပြောလာတဲ့ အနိုင်ဂိုးရှင်ကာဒါ
ပါဒါဘွန်းကစားသမားလော်ရင်ကာဒါက တနင်္လာညပိုင်း၊ ဝုဖ်ဘတ်ကို ၂-၁ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ ပလေးအော့ဖ်ပွဲစဉ်မှာ အနိုင်ဂိုးသွင်းယူပြီးနောက် အသင်းကို ဘွန်ဒက်စ်လီဂါပြိုင်ပွဲဆီ တက်လှမ်းနိုင်အောင် အဓိကအခန်းကဏ္ဍမှ ပါဝင်ကူညီပေးခဲ့ပါတယ်။
ပွဲစဉ်အပြီး အင်တာဗျူးမှာတော့ အသက် ၂၄ နှစ်အရွယ်ကစားသမားလေးက အခုလိုအဖြစ်အပျက်တွေကို မယုံကြည်နိုင်လောက်အောင် အံ့အားသင့်နေခဲ့ပါတယ်။
"ဒီအခြေအနေကို လက်ခံနိုင်ဖို့ နောက်ထပ် ဘယ်နှစ်ရက်လောက် ကြာဦးမလဲဆိုတာ ကျွန်တော်လည်း မသိသေးပါဘူး။ ပြိုင်ဘက်အသင်း အနီကတ်ထိသွားတာကတော့ ကျွန်တော်တို့အတွက် နည်းနည်းပိုပြီး လွယ်ကူသွားစေခဲ့ပါတယ်" လို့ ကာဒါက ပြောခဲ့့ပါတယ်။
သွင်ဂိုးနဲ့ပတ်သက်လို့လည်း သူက "ကျွန်တော်တို့က ဘောလုံးကို ဂိုးရှေ့ဧရိယာအတွင်းထိရောက်အောင် အတတ်နိုင်ဆုံးပို့ပေးဖို့ပဲ ကြိုးစားခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်က အဲဒီနေရာမှာ အဆင်သင့် ရှိနေခဲ့တာပါ။ ကျွန်တော်တို့အသင်းက ပြိုင်ဘက်ကို အတော်လေးဖိအားပေးနိုင်ခဲ့သလို အဆုံးသတ်မှာလည်း အရာရာအဆင်ပြေသွားခဲ့လို့ ဝမ်းသာမိပါတယ်"လို့ ဆက်ပြောခဲ့ပြီး အောင်ပွဲခံအခမ်းအနားပြုလုပ်မယ့်အခြေအနေတွေနဲ့ပတ်သက်လို့လည်း "အခုတော့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်သွားရမှာပေါ့" လို့ ဆိုခဲ့ပါတယ်။