နည်းပြတစ်ဦးဖြစ်လာဖို့ ဂွာဒီယိုလာကိုယ်တိုင် ယုံကြည်မှုတွေ ပေးခဲ့တယ်လို့ ဖွင့်ဟလာတဲ့ ကွန်ပနီ
ဘိုင်ယန်မြူးနစ်နည်းပြကွန်ပနီက မန်စီးတီးအသင်းမှ ထွက်ခွာတော့မယ်လို့ သောကြာနေ့မှာ ကြေညာခဲ့တဲ့ ဆရာဟောင်း ပက်ဂွာဒီယိုလာနဲ့ပတ်သက်လို့ ဘိုင်ယန်မြူးနစ်နည်းပြကွန်ပနီက နည်းပြတစ်ဦးဖြစ်လာစေဖို့ ယုံကြည်မှုတွေ ပေးခဲ့သူလို့ ပြောကြားလိုက်ပါတယ်။
ဒီည(စနေနေ့)၊ စတုဂတ်နဲ့ ဂျာမန်ဖလားဗိုလ်လုပွဲမတိုင်ခင် ဘာလင်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဂွာဒီယိုလာလက်အောက်၊ မန်စီးတီးအသင်းခေါင်းဆောင်အဖြစ် သုံးရာသီကြာတာဝန်ယူခဲ့ဖူးတဲ့ ကွန်ပနီက အဲဒီကတ္တလန်သားနည်းပြနဲ့လက်တွဲခွင့်ရရှိမှုကို အထူးလက်ဆောင်တစ်ခုရရှိမှုနဲ့ တူညီတယ်လို့ ဆိုပါတယ်။
"ကျွန်တော့်မှာ ကိုယ်ပိုင်အရည်အချင်းနဲ့ စရိုက်ရှိပါတယ်၊ ဒါပေမဲ့ ကျွန်တော် နည်းပြတစ်ယောက် ဖြစ်လာနိုင်တယ်ဆိုတဲ့ ယုံကြည်မှုနဲ့ စိတ်ဓာတ်အတွက်တော့ ပက်ဂွါဒီယိုလာကို ကျေးဇူးတင်ရပါလိမ့်မယ်။ ဒါက သူ့ရဲ့လွှမ်းမိုးမှု ဘယ်လောက်ကြီးမားလဲဆိုတာ ပြတာပါပဲ။ အသင်းရဲ့အဝတ်လဲခန်းထဲမှာ ကျွန်တော်က သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း ဒါမှမဟုတ် သူအချစ်ဆုံးလူ မဖြစ်ခဲ့ရင်တောင် သူ့ရဲ့ ဦးဆောင်မှုပုံစံကိုတော့ ကျွန်တော် အပြည့်အဝယုံကြည်ခဲ့ပါတယ်" လို့ ကွန်ပနီက ပြောပါတယ်။
ဘာစီလိုနာနဲ့ဘိုင်ယန်မြူးနစ်နည်းပြဟောင်းဂွာဒီယိုလာက မန်စီးတီးမှာဆယ်စုနှစ်တစ်ခုကြာ တာဝန်ယူချိန်အတွင်း ပရီးမီးယားလိဂ်ဖလားခြောက်ကြိမ်၊ ချန်ပီယံလိဂ်ဖလားနဲ့ တခြားဆုဖလားများစွာကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ကွန်ပနီကိုယ်တိုင်လည်း ဂွာဒီယိုလာလက်အောက်၊ ၂၀၁၈ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်တွေမှာ ပရီးမီးယားလိဂ်ဖလားကို နှစ်ကြိမ်ဆက်ရရှိခဲ့ဖူးပါတယ်။ ၂၀၂၄ ခုနှစ်မှာ ဘိုင်ယန်မြူးနစ်နည်းပြအဖြစ် စတင်တာဝန်ယူခဲ့တဲ့ ဘယ်လ်ဂျီယံလက်ရွေးစင်ကစားသမားဟောင်းက အသင်းကို ဘွန်ဒက်လီဂါဖလားနှစ်ကြိမ်ဆက်ရရှိအောင် စွမ်းဆောင်ပေးထားပြီး အခုသီတင်းပတ်ကုန်ပိုင်းမှာလည်း တတိယမြောက်ဆုဖလားကို ကိုင်မြှောက်နိုင်ဖို့ အခွင့်အလမ်းရှိနေပါတယ်။
ဂွာဒီယိုလာရဲ့နည်းဗျူဟာပိုင်းအပေါ် အာရုံစိုက်မှုကို လူတွေ နားလည်မှုလွဲနေကြတယ်လို့လည်း ကွန်ပနီက ထောက်ပြခဲ့ပါတယ်။ "နည်းဗျူဟာတွေ၊ နည်းစနစ်တွေအကြောင်းပဲ လူတွေက အများကြီး ပြောနေကြတာပါ။ တကယ်တော့ သူ့အတွက် ဘာပဲဖြစ်ဖြစ် အရာအားလုံးကို အနိုင်ရချင်တဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒတစ်ခုပဲ ရှိတာပါ။ အဲဒီအချိန်တွေတုန်းက သူနဲ့အတူအလုပ်လုပ်ခွင့်ရခဲ့တယ်ဆိုတာ ကျွန်တော့်အတွက် လက်ဆောင်တစ်ခုပါပဲ။ အခုလို နည်းပြဖြစ်ချင်တဲ့ စိတ်အားထက်သန်မှုတွေက သူနဲ့အတူ ဖြတ်သန်းခဲ့ရတဲ့ နှစ်ကာလအပိုင်းအခြားတွေကြောင့်ဆိုတာ ကျွန်တော် သိပါတယ်" လို့ ၎င်းက ပြောကြားခဲ့ပါတယ်။